စစ်ကောင်စီနှင့် ကိုးကန့်တပ်တိုက်ပွဲကြား ဒေသခံ ၄၀၀ ခန့် နယ်စပ်တွင် ထွက်ပြေးနေရ

စစ်ကောင်စီနှင့် ကိုးကန့်တပ်တိုက်ပွဲကြား ဒေသခံ ၄၀၀ ခန့် နယ်စပ်တွင် ထွက်ပြေးနေရ



ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်း တရုတ်နယ်စပ်တွင် ကိုးကန့် MNDAA နှင့် စစ်ကောင်စီတပ် တိုက်ပွဲများကြောင့် ဩဂုတ် ၃ ရက်နေ့ကစပြီး ဒေသခံပြည်သူ ၄၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။



"ဖောင်းဆိုင်အုပ်စုအတွင်းမှာရှိတဲ့ မန့်ယန်ဒေသခံတွေ သူတို့ရွာမှာ တိုက်ပွဲဖြစ်လို့ ဘန်မွှေးရွာမှာ သွားနေကြတာ အဲရွာမှာလည်း တိုက်ပွဲပြန်ဖြစ်လာလို့ အားလုံး စစ်ရှောင်လာကြရတာဟုတ်တယ်" ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။



မန့်ယန်ဒေသခံများသည် ၎င်းတို့‌ကျေးရွာ တိုက်ပွဲဖြစ်နေစဉ်အတွင်း ဘန်မွှေးရွာမှာ သွားရောက်ခိုလှုံကြကာ တိုက်ပွဲအခြေနေကြည့်၍ လိုအပ်သည့် ရိက္ခာများ ပြန်လည်သွားယူကာ စားသောက်နေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။



သို့သော် ၎င်းတို့ခိုလှုံနေသည့် ဘန်မွှေးရွာတွင် တိုက်ပွဲပြန်လည်ဖြစ်လာသည့်အတွက် ရွာသို့ပြန်နိုင်ခြင်းမရှိတော့သဖြင့် ရိက္ခာပြတ်သွားမည်ကို စိုးရိမ်နေကြသည်။



မန့်ယန်နှင့် ဘန်မွှေးကျေးရွာ နှစ်ရွာမှ ဒေသခံ အိမ်ခြေ ၄၃ ခု၊ လူဦးရေ စုစုပေါင်း ၁၇၃ ယောက်သည် လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၁၀၂ အနီး ဘန်ဝါ၊ လတ်ဒဲန် (Bang Wa, Lak Den) တွင် ယာယီတဲများဆောက်ကာ သွား‌ရောက်ခိုလှုံနေရကြောင်း သိရသည်။



"ဒီမနက်တော့ တရုတ်ဘက်က လာပြောတာတော့ နိတို့လိမ္မာရင်တော့ ကျနော်တို့ဘက်ကလည်း ကူညီနိုင်တာကူညီမယ်။ မလိမ္မာရင်တော့ အဲနေရာကတောင် ပြန်မောင်းခံရမယ်" ဟု လာရောက်ပြောဆိုကြောင်း ဒေသခံများက ပြောသည်။



ထို့အပြင် လရှပ်ကျေးရွာမှ ပြည်သူများသည်လည်း ကျေးရွာမှထွက်ပြေးကာ မိမိတို့၏ လယ်ယာတောများတွင် သွားရောက်ခိုလှုံနေကြရကြောင်း သိရသည်။



ဩဂုတ်လ ၃ ရက်ည ၁၀၅ မိုင်ဘက်မှ မုန်းကိုးဘက်သို့တက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပန်ဆိုင်းမြို့နယ် ကောင်စထီးနှင့် ဖိုင်ကောင်းကြားတွင် MNDAA တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ပြည်သူများရှိရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဖိုင်ကောင်းနှင့် ကောင်စထီးပြည်သူများလည်း ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။



“ဩဂုတ်လ ၃ ရက်နေ့ည မုန်းကိုးဘက်ကို တက်သွားသောလမ်း ကောင်းစထီးနှင့် ဖိုင်ကောင်းကြား လယ်တောတစ်ခုမှ ကိုးကန့်တပ်များ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ထင်တယ် အဲညအရမ်းမှည်တယ်။ မိုင်းတွေ လက်နက်ကြီးသံတွေ ဖိုင်ကောင်းကျေးရွာနှင့် ကောင်းစထီးကျေးရွာအိမ်ဝင်းတွေမှာ လက်နက်ကြီးတွေကျတယ်။ အေလိုကျတော့ နောက်နေ့မနက်လည်း စစ်ကောင်စီတပ်တွေ ရွာထဲမှာရှိနေသေးတော့ ပြည်သူတွေအားလုံးကြောက်ပြီး ထွက်ပြေးသွားတယ်” ဟု ဖိုင်ကောင်းပြည်သူတစ်ဦးက KNG ကိုပြောသည်။



ထို့ကြောင့် လက်ရှိတွင် ဖိုင်ကောင်း၊ ကောင်းစထီး၊ ခလွမ်၊ ပေါင်ရာ ကျေးရွာမှ ဒေသခံပြည်သူ ၁၈၀ ခန့်သည် မြန်မာ-တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းအနီးတွင် ထွက်ပြေးခိုလှုံနေကြရသည်။



ယခုလက်ရှိ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများအတွက် ကူညီထောက်ပံ့မည့်သူများ မရှိသေးကြောင်း စစ်ရှောင်များက KNG ကို ပြောပါသည်။



ရှမ်းမြောက် မူဆယ်ခရိုင်အတွင်း ပန်ဆိုင်း မုံးကိုး တစ်လျှောက်တွင် ယခင်ကတည်းက စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ကြား ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...