ထိုအစည်းအဝေးတွင် ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ လူမှုအသင်းအဖွဲ့များနှင့် ကျေးရွာရပ်မိရပ်ဖများက တွေ့ဆုံကာ စက်ရုံတည်ဆောက်မည့် အခြေအနေနှင့်ပတ်သက်၍ ကောင်းကျိုးဆိုးကျိုးများနှင့် စာချုပ်ကိစ္စများ ပြောဆိုဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
နှစ်(၃၀)စီမံကိန်းအဖြစ် လျာထားသည်ဆိုထားသောကြောင့် ထွက်ပေါ်လာမည့် ဆိုးကျိုးများသည် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ တောတောင် သဘာဝညစ်ညမ်းမှုနှင့် အနာဂတ် မျိုးဆက်သစ်အတွက် စိုးရိမ်နေရသဖြင့် စက်ရုံတည်ဆောက်ခြင်း အတွက် ကန့်ကွက်ကြောင်း ရေနီပေါက်ကျေးရွာမှ ခူးနဲရယ်ကဆိုပါသည်။
“ကျနေ်ာတို့ဒီမှာက ၀မ်းစာရေးအတွက် အဓိကစိုက်ပျိုးရေးတမျိုးပဲ။ ပြီးတော့ ကျနော်တို့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် နောင်ရေးတွေ စိတ်ပူရတယ်” ဟု ခူးနဲရယ်က ပြောသည်။
အစည်းအဝေးသို့ပါဝင်ဆွေးနွေးသည့် ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY အဖွဲ့ဝင်များဘက်ကလည်း လူထုများဘက်မှ အမှန်တကယ် သိရှိနားလည်ရန် လိုအပ်သည်ဟု ပြောဆိုသွားသည်။
“ကျနော်တို့ သဘောထားကတော့ ဒေသခံတွေရဲ့ သဘောတူညီမှုရဲ့ အဓိကပေါ့နော်။ အများစုက လက်ခံမယ်ဆိုလို့ရှိရင် ကျနော်တို့လည်း ဘာမှပြောစရာမရှိပါဘူး။ သဘောတူခြင်း၊ ကန့်ကွက်ခြင်းသူတို့ သေချာနားလည်ဖို့တော့ လိုတာပေါ့” ဟု UKSY မှ ကိုဒီးဒီက ပြောသည်။
စက်ရုံ၏ ကောင်းကျိုးဆိုးကျိုးကို ပွင့်ပွင့်လင်းလင်းချပြပေးပြီး ပြည်သူများက ကန့်ကွက်ပါက Karenni Ever Green နှင့် မူလွန်အမျိုးသမီးသတ္တုတွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှလည်း ကန့်ကွက်သွားမည်ဟု တာဝန်ခံ နော်အားမူက ပြောဆိုသွားသည်။
ကုမ္ပဏီပိုင်းကလည်း လိုက်နာပေးသွားမည်ဖြစ်ကြောင်း Business Support Myanmar Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
၎င်းက “အခုကျနော်တို့ ဒေသခံပြည်သူတွေနဲ့ ပြန်လည်တွေ့မယ်။ အဲတော့ သူတို့ကထောက်ခံရင် ဆက်လုပ်မယ်၊ ကန့်ကွက်မယ်ဆိုရင်လည်း ကျနော်တို့လည်း ဆက်မလုပ်ပါဘူး” ဟု ပြောသည်။
စက်ရုံတည်ဆောက်ရန် သဘောတူညီချက်ကို ကုမ္မဏီနှင့် ရေနီပေါက်ကျေးရွာဒေသခံများ ဧပြီလအတွင်းတွင် ချုပ်ဆိုထားခဲ့ပြီး ယခုနောက်ပိုင်းတွင် ပြည်သူများအာမခံချက်ရှိသည့်စာချုပ် ပြန်လည်ချုပ်ဆိုရန်နှင့် တခြားသော အနီးအနားရှိ ဒေသခံများ၏ သဘောထားများကိုလည်း ရယူရန် ဒေသခံများ တောင်းဆိုချက်အရ ထပ်မံပြုလုပ် နေခြင်းဖြစ်သည်။
စက်ရုံတည်ဆောက်မည့် အကျယ်သည် (၆) ဧကခန့်ရှိပြီး ပတ်ဝန်းကျင်တွင် မိုင်းထန်ကျေးရွာ၊ ရေနီပေါက်ကျေးရွာ၊ ဝမ်ခြယ်ကျေးရွာ၊ နန်းနောက်ကျေးရွာ၊ ချိကွဲ့ကျေးရွာနှင့် ဆောင်းလောင်း စသည့်ကျေးရွာ အသီးသီးရှိကြောင်း သိရပါသည်။







