ကရင်နီပြည်နယ် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကုသမှုခံယူနေတဲ့ လောဓမ္မရပ်ကွက်နေ အသက် (၇၂) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် (၅၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၂ ရက်နေ့မှာ ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ (၄၈) ဦး ထပ်မံတွေ့ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါသေဆုံးသူများရဲ့ ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄ မိုင်သုဿန်သို့ ပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပိုးတွေ့ရှိသူများအနက် လွိုင်ကော်မြို့မှ (၄၆) ဦး၊ ဘောလခဲမြို့မှ တစ်ဦး၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ တစ်ဦး စုစုပေါင်း (၄၈) ဦး ဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၂၈၅) ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ ၁၄ ဦး၊ ဖားဆောင်းမြို့မှ နှစ်ဦးတို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၃၀၇) ဦးထိ ရှိနေပြီဖြစ်ပါတယ်။
ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ (၁၁) ဦးနဲ့ ဖရူဆိုမြို့မှ တစ်ဦး စုစုပေါင်း ၁၂ ဦးရှိနေပြီး ကိုဗစ်သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၆၀) ဦးရှိပြီလို့ သိရပါတယ်။







