ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာအချို့ စားဝတ်နေရေး အခက်အခဲရှိနေကြောင်းပြော

ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာအချို့ စားဝတ်နေရေး အခက်အခဲရှိနေကြောင်းပြော

ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် လူနာအချို့မှာ အသုံးအဆောင်ပစ္စည်းများနှင့် စားဝတ်နေရေးများ အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။

ကျောက်ဖြူမြို့နယ်မှ ကိုဗစ်ပိုးတွေ့ပြီး ဆေးကုသမှုခံယူနေရသူတစ်ဦးက ထမင်း ၂ နပ်ကို ငွေကျပ် ၃၅၀၀ နှုန်းပေးပြီး မိမိငွေဖြင့် ဝယ်ယူစားသုံးနေရကြောင်း DMG ကိုပြောသည်။

“ထမင်း မနက်စာ၊ ညစာကို အပြင်ကမှာပြီး ဆေးရုံကတစ်ဆင့် နှစ်နပ်ပေါင်း ၃၅၀၀ နဲ့ ဝယ်ယူစားသုံးနေကြတယ်။ နောက်ပြီးတော့ ရေသန့်တွေ၊ အသုံးအဆောင်ပစ္စည်းတွေကအစ ဝယ်ယူပြီး အသုံးပြုနေရတယ်။ ဆေးရုံကတော့ လိုအပ်တဲ့ဆေးတွေပဲ ပေးထားတာတွေရှိတယ်။ ၁၁ ရက်လောက်ထားမယ်ဆိုတော့ ငွေရေးကြေးရေးအပိုင်းမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း “ပိုးတွေ့လူနာတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကအစ အခက်အခဲတွေ အများကြီးရှိတယ်။ အရင်တုန်းကဆိုရင် အလှူရှင်ပံ့ပိုးပေးခဲ့တာတွေရှိတယ်။ အခုက အလှူရှင်တွေဆီက ပံ့ပိုးတာတွေမတွေ့ရတော့ဘူး။ သူတို့မှာတော့အသုံးအဆောင်ပစ္စည်း ထမင်းကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားနေရတာရှိတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင်လည်း ကိုဗစ်အတည်ပြုလူနာများကို လှူဒါန်းမည့် အလှူရှင်များမရှိသည့်အတွက် ဆင်းရဲပြီး နေအိမ်မှ အစားသောက်၊ အသုံးအဆောင်ပစ္စည်း လာရောက်မပို့နိုင်သည့် လူနာများအတွက် ဆေးရုံမှ တာဝန်ယူဖြေရှင်းပေးထားသည်ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“အခုအချိန်မှာတော့ အလှူရှင်တွေမရှိသေးတဲ့အတွက် အားလုံးမိမိကိုယ်ကိုဝယ်ပြီး စားသုံးနေရပါတယ်။ တစ်ချို့ လုံးဝဆင်းရဲပြီး မိသားစုတွေဆီက လာပြီးမပို့နိုင်ကြတဲ့သူတွေ တစ်ယောက်နှစ်ယောက်ကိုကျတော့ ဆေးရုံကြီးကနေ စီစဉ်ပေးထားတာတွေရှိတယ်” ဟု ၎င်းကျန်းမာရေးဝန်ထမ်းက ပြောသည်။

စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာတစ်ဦးက “ထမင်းတွေက ကိုယ်ဟာကို ဝယ်စားနေရပါတယ်။ နေ့ညဆိုတော့ တစ်နေ့ကို နှစ်နပ်ပေါင်းပြီး ၄၀၀၀ ထောင်စီ သတ်မှတ်ထားတယ်။ အခက်အခဲတွေကတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေအောင်တော့ နေထိုင်နေရတယ်။ မုန့်တွေဆိုရင်လည်း ကိုယ့်ပိုက်ဆံနဲ့ပဲ ဝယ်စားနေရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကိုဗစ်အတည်ပြုလူနာများ စားဝတ်နေရေးနှင့် အသုံးအဆောင်ပစ္စည်းများ အခက်အခဲရှိနေသည့်အပေါ် ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်က “အဲဒီလိုအခက်အခဲတွေကတော့ နေရာတိုင်းမှာရှိနေမှာပဲ။ သက်ဆိုင်တဲ့ မြို့နယ်တွေမှာ သက်ဆိုင်ရာအာဏာပိုင်တွေရှိတယ်။ မြို့နယ်တွေမှာရှိတယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်။ အဆင့်ဆင့် ကျနော်တို့ကလည်း အပေါ်ကပေးနိုင်သလောက် ပံ့ပို့ပေးထားတာရှိတယ်။ နောက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ အဆင်ပြေအောင် ပေးထားတာလေးတွေလည်းရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူဦးရေ ၁၄၃၆ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄၁ ဦးအထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရ သိရသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...