နန်းဖဲအနီးတွင် စစ်ကောင်စီမှ ထိုးစစ်ဆင် အင်အားဖြည့်တင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

နန်းဖဲအနီးတွင် စစ်ကောင်စီမှ ထိုးစစ်ဆင် အင်အားဖြည့်တင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ကရင်နီပြည်နယ် ဘောလခဲ-ဖရူဆိုမြို့နယ်ကြားက နန်းဖဲကျေးရွာအနီးတစ်ဝိုက် နန်းဖဲ-ကလိလျား ကျေးရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှု၊ အင်အားဖြည့်တင်းနေမှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“အခုလောလောဆယ်တော့ သယ်နိုင်သလောက်တော့ သယ်လာကြတာပဲ။ သူတို့က တပ်မဆုတ်ဘူး။ စစ်ကြောင်းဆက်ချီနေမယ်ဆိုရင်တော့ ခုလောလောဆယ် ပြေးနေရတဲ့နေရာကနေ ထပ်ပြေးရမှာပဲ။ ကြာလာရင်တော့ နေရေးထိုင်ရေးစားရေး ခက်ခဲလာမှာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က နန်းဖဲ-ကလိလျား ကျေးရွာကြားမှာ နယ်မြေကျော်လာတဲ့ အင်အား ၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က အပြန်အလှန်ပစ်ခတ်ကြရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

အဆိုပါတိုက်ပွဲက ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်နေ့) ညနေ ၄ နာရီကျော်မှာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကာ နာရီဝက်ခန့်ကြာခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီဖက်ကနေ ကျေးရွာဖက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကြားနေရတယ်။ နှစ်ဖက်ပစ်နေတဲ့အသံတော့မဟုတ်ဘူး။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထုနေတာ။ အသံအကျယ်ကြီးပဲ။ ကျေးရွာ ၄ ရွာ လောက်က သူတွေတော့ အကုန်ထွက်ပြေးတိမ်းရှောင်နေရပြီ။ နန်းဖဲကနေ တက်လာတယ်လို့ကြားတယ်လေ။ ရွာနဲ့လည်း နီးနီးလေး။ သေနတ်သံကြားတာနဲ့ ကြောက်နေရတာ။ ရှောင်တာကတော့ မနေ့ကတည်းက ရှောင်ကြတယ်။ မနေ့က ၄ နာရီကျော်လောက်မှာ နှစ်ဖက်ပစ်ခတ်သံတွေကြားကတည်းက အကုန်လုံး ထွက်ပြေးတိမ်းရှောင်ကြပြီ။ ခုထိ ရွာမပြန်ရဲကြသေးဘူး။ စစ်ကောင်စီတွေက ပြန်မဆုတ်သေးသလို အင်အားလည်း ထပ်ဖြည့်ထားတယ်လို့ ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် တော်ခူအုပ်စုအတွင်းက KNPP ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ တပ်မဆုတ်ဘဲ ကျေးရွာအတွင်းကို စစ်ကြောင်းချီလာတာကြောင့် နန်းဖဲအနီးအနားရှိ ကျေးရွာ ၆ ရွာမှ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကရင်နီတပ်မတော် ထိန်းချုပ်ရာဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့မှ ထိုးစစ်ဆင်လာတဲ့အတွက် ယခုရက်ပိုင်းအတွင်း နှစ်ဖက်ထိတွေ့မှု မကြာခဏ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...