နာနတ်တောရပ်ကွက်အတွင်း အဝင်/အထွက်လမ်းများကို ကိုဗစ်စိစစ်ရေးဂိတ် ပြုလုပ်ထား

နာနတ်တောရပ်ကွက်အတွင်း အဝင်/အထွက်လမ်းများကို ကိုဗစ်စိစစ်ရေးဂိတ် ပြုလုပ်ထား

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ နာနတ်တောရပ်ကွက်နေ ပြည်သူတို့မှ ရပ်ကွက်အဝင်/အထွက်ရှိ လမ်းနေရာများကို ကိုဗစ်ရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ဖို့အတွက် ကိုယ်ထူကိုယ်ထ ကိုဗစ်စိစစ်ရေးဂိတ်ပြုလုပ်ပြီး လမ်းသွားပြည်သူကို ကိုယ်အပူချိန်တိုင်းပေးခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့မှစတင်ပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ပြောမယ်ဆိုရင် နာနတ်တောရပ်ကွက်ကို ဖြတ်တဲ့လမ်းကလည်း မြို့ရှောင်လမ်းကြီးဖြစ်နေတယ်ပေါ့။ အဓိကဖြစ်နေတဲ့အတွက်ကြောင့်မလို့ ရပ်ကွက်ကနေ ကျော်သွားလို့ရှိရင်လည်း မြို့ထဲရောက်ကုန်မယ် အခြားရပ်ကွက်ရောက်ကုန်မှာပေါ့နော အဲ့ဒါကြောင့်မလို့ ကျတော်တို့ ဒီရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်တယ်ပေါ့။ နောက်တစ်ခုက ကျတော်တို့ ရပ်ကွက်နေ စစ်ရှောင်သွားတဲ့သူ အများကြီးရှိတယ်ပေါ့နော တခြားနေရာဒေသမှာ စစ်ရှောင်သွားနေတဲ့သူ လနဲ့ချီပြီး နေတဲ့သူအများကြီးရှိတယ်ပေါ့။ အဲ့လူတွေကလည်း ပြန်လာမယ်ဆိုရင်လည်း ဘုမသိဘမသိဘဲဆိုရင် အပြင်ကနေ အဖျားတွေပါလာမလား ကိုဗစ်ရှိမလား ဒါလေး သံသယဖြစ်စရာ ဖြစ်တယ်ပေါ့။ အဲ့ဒါကြောင့်မလို့ ဒီဟာကို ကြိုတင်ကာကွယ်ထိန်းချုပ်ချင်လို့ ကျတော်တို့ရပ်ကွက် အဝင်/အထွက်ပေါက်တွေကို စိစစ်ရေးဂိတ် ပြုလုပ်ခြင်းဖြစ်တယ်ပေါ့နော” လို့ နာနတ်တောဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ကိုဗစ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်ထားတာဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ကနေစပြီး နာနတ်တောရပ်ကွက်အတွက် အရေးပေါ်ကျန်းမာရေးကိစ္စမှလွှဲ၍ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ည (၁၀:၀၀) နာရီမှ နံနက် (၄း၀၀) အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားမယ်လို့ သိရပါတယ်။

နာနတ်တောရပ်ကွက် အဝင်/အထွက် ဂိတ်ပေါက် ၇ ခုမှာ ကျန်းမာရေးအကူ နှစ်ဦး၊ လူငယ်နှစ်ဦး၊ ရပ်မိ/ရပ်ဖလူကြီးတစ်ဦး စသဖြင့် ဂိတ်တစ်ခုမှာ လူဦးရေ ၅ ယောက်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး အပူချိန်တိုင်းတာပြီး သံသယရှိတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ကျတော်တစ်ခုပြောချင်တာကတော့ အခုမှလုပ်တတ်တဲ့သူ စီမံတတ်တဲ့သူ ကျွမ်းကျင်တဲ့ပညာရှင်တွေမပါဘဲ ကိုယ့်ဘာသာကိုယ် လုပ်မှရမယ်ဆိုတဲ့အတွေးနဲ့ လုပ်တဲ့ခါကျတော့ နည်းနည်းလွဲချော်မှုတွေ ဖြစ်နေတယ်ပေါ့နော” လို့ သူကဆက်ပြောပါတယ်။

ဝါးတားဂိတ်ဟာ ရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ လုပ်ဆောင်တာဖြစ်တဲ့အတွက် လိုအပ်တဲ့ ကျန်းမာရေးအကာအကွယ်ဝတ်စုံ၊ လက်အိတ်၊ ခြေအိတ်၊ လက်သန့်ဆေးရည်၊ Mask (နှာခေါင်းစည်း) လုံလုံလောက်လောက်မရှိဘူးလို့ စေတနာ့ဝန်ထမ်းလူငယ်တွေက ပြောပါတယ်။

“Mask ကမ်ပိန်းလည်းလုပ်တယ် အပူချိန်တိုင်းတာလည်းလုပ်ရတဲ့အခါမှာ ပြည်သူတွေကို တားပြီးမှလုပ်ရတဲ့အတွက် တချို့ပြည်သူတွေ သိပ်နားလည်မှုမရှိဘူးပေါ့နော။ တစ်ခါတလေဆို ဘာမှပြန်မပြောဘဲနဲ့ စိတ်တိုတိုနဲ့ ပြောသွားတဲ့ဟာမျိုးတွေ အခက်အခဲမျိုးတွေနဲ့ ကြုံတွေ့နေရတယ်ပေါ့နော။ တကယ်တမ်း မလုပ်တော့ဘူးဆိုတော့လည်း လုပ်သင့်တယ်ပေါ့နော။ အခုကိုဗစ်ကလည်း အရမ်းဆိုးနေတဲ့အတွက် လုပ်ကိုလုပ်သင့်တယ် ပြည်သူဖက်နေကြည့်ရင်လည်း ပြောစရာတော့ ဖြစ်တယ်ပေါ့နော မြို့အစွန်မဟုတ်ဘဲ ရပ်ကွက်ထဲလုပ်နေတဲ့အတွက်ကြောင့်ပေါ့နော” လို့ လူငယ်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၂၃) ဦး၊ ဖရူဆိုမြို့မှ ၅ ဦး၊ ဘောလခဲမြို့မှ ၈ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦး၊ စုစုပေါင်း ပိုးတွေ့ရှိသူ (၁၃၇) ဦးရှိပြီး သေဆုံးသူ ၄ ဦးထိ ရှိလာပြီဖြစ်ပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...