အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူ ၃၇ ဦးကို စစ်တွေတွင် ယနေ့ရုံးထုတ်၊ အမိန့်မချဘဲ အမှုဆိုင်းငံ့ထားခြင်းအပေါ် ရှေ့နေများဝေဖန်

အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူ ၃၇ ဦးကို စစ်တွေတွင် ယနေ့ရုံးထုတ်၊ အမိန့်မချဘဲ အမှုဆိုင်းငံ့ထားခြင်းအပေါ် ရှေ့နေများဝေဖန်

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ၃၇ ဦးအား စစ်တွေ ခရိုင်တရားရုံးတွင် ယနေ့ ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ ဆိုင်းငံ့ထားခြင်းအပေါ် အမှုများ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ဝေဖန်ပြောဆိုလိုက်သည်။

ရှေ့နေအောင်စစ်မင်းက “တရားစီရင်ရေးယန္တရားကို ထိခိုက်စေပါတယ်။ ‘မှန်မှန် မြန်မြန်’ တရားစီရင်ဆုံးဖြတ်ရေးဆောင်ပုဒ် မူဝါဒတွေနဲ့ လွှဲချော်နေတဲ့ အခြေအနေဖြစ်နေပါတယ်။ တရားစီရင်ရေးကို လွတ်လွတ်လပ်လပ် စစ်ဆေးခြင်း၊ ဆုံးဖြတ်ခြင်းပေးမှ မှန်ကန်မျှတတဲ့ တရားစီရင်တစ်ခုကို ပြည်သူတွေ ခံစားခွင့်ရမှာပါ” ဟု ပြောသည်။

ယနေ့ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ရာ၌ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စစ်တွေမြို့နယ် သိန်းတန်ကျေးရွာမှ အမျိုးသား ၂ ဦး၊ တောကန်ကျေးရွာမှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ၅ ဦး၊ အိုင်းဒင်ကျေးရွာမှ ၂ ဦးနှင့် သာစည်ကျေးရွာမှ ၃ ဦး စုစုပေါင်း ၃၇ ဦးတို့ဖြစ်ကြပြီး ယနေ့ အမှုကို စီရင်ချက်ချရန်ရှိသော်လည်း စီရင်ချက်မချခဲ့ဟု သိရသည်။

 

၎င်းတို့အမှုအား အမိန့်မချဘဲ ဆိုင်းငံ့ထားသည်မှာ လွန်ခဲ့သည့် မတ်လကုန်ခန့်ကဖြစ်ပြီး မည့်သည်အချိန်တွင် အမိန့်ချမည်ကိုလည်း မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မနှင့် တရားရင်ဆိုင်နေရသည့် အမှုသည်များက အမိန့်မချနိုင်ခြင်းမရှိသည့်အတွက် ရုံးထုတ်မစစ်ဆေးရန် ယနေ့ ၁၁ နာရီ ရုံးချိန်းတွင် တရားခွင်၌ တရားသူကြီးအား ပြောဆိုခဲ့ကြောင်း အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် တရာလွှတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ပြောသည်။

“အခုလို့ အမိန့်မချဘဲ ဆိုင်းငံ့ထားတဲ့အတွက် အမှုသည်တွေဖက်က နစ်နာမှုတွေ အများကြီးရှိပါတယ်။ အဲကြောင့် ဒီနေ့ ရုံးချိန်းမှာ အမှုသည်တွေ ပေါက်ကွဲကြတယ်။ အဲလိုမျိုး အမိန့်မချနိုင်ဘဲဆိုရင် သူတို့ကို ရုံးမထုတ်နဲ့ အမိန့်ချဖို့နေမှာပဲ ရုံးထုတ်ပေါ့။တရားခွင်မှာ တရားသူကြီးကို တင်ပြကြတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အမှုများကို အမိန့်မချဘဲ အချိန်အကြာကြီးဆွဲထားပြီး  ရုံးချိန်းများ အကြိမ်ကြိမ်မပေးရဟု တရားရုံး ညွှန်ကြားချက်များရှိကြောင်း၊ ယခုလိုအမှုများအား ဆိုင်းငံ့ထားခြင်းသည် ဥပဒေညွှန်ကြားချက်နှင့် မညီညွတ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်မှာ အကြမ်းဖက်မှုပုဒ်မနှင့် ဖမ်းဆီးတရားစွဲခံထားရသူများမှာ အသက် ၂၁ နှစ်နှင့် ၇၀ နှစ်အကြား အရွယ်ရှိသူများဖြစ်ကာ စစ်တွေအကျဉ်းထောင်တွင် ၆၀ ဦး၊ မြောက်ဦးမြို့ အချုပ်ခန်းတွင် ၅၇ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်တွင် ၂၅ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်တွင် ၁၀ ဦး စုစုပေါင်း ၁၅၂ ဦး ရှိသည်ဟု သိရသည်။

၎င်းတို့အနေဖြင့် ဖမ်းဆီးတရားရင်ဆိုင်နေရသည့်မှာ တစ်နှစ်ကျော်ခန့်ရှိနေကြပြီး ယင်းထဲတွင် အိမ်ထောင်ဦးစီးများ၊ မိသားစုကို ထောက်ပံ့ပေးနေသည့် လူငယ်များပါရှိနေသည့်အတွက် မိသားစုများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း လူအခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“AA တပ်တော်ကို အကြမ်းဖက်နဲ့ ပယ်ဖျက်ပြီးနောက်ပိုင်းမှာ အကြမ်းဖက်နှင့် တရားစွဲခံနေရသူတွေကို တရားဥပဒေအရ သက်သေအထောက်အထားမရှိ၊ မှန်ကန်မှု မရှိတဲ့အတွက် အမြန်ဆုံး လွတ်ပေးသင့်ပါတယ်” ဟု ၎င်းကပြောသည်။

၄င်းတို့အား စွဲဆိုထားသော အကြမ်းဖက်မှု ဥပဒေပုဒ်မများမှာ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (ဈ)နှင့် ၅၂ (က) တို့ဖြစ်ကြောင်း သိရှိရသည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှာ ရုပ်သိမ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မတ်လ ၁၁ ရက်နေ့ ကြေငြာခဲ့ပြီးနောက် အကြမ်းဖက်မှုပုဒ်မနှင့် တရားရင်ဆိုင်နေသည့် တောင်ကုတ်မှ ဦးဝေသောင်း အပါအဝင် ၄ ဦး လွတ်မြောက်လာခဲ့သည်။

ယင်းနောက် တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦးမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က များမကြာမီက လွတ်မြောက်လာခဲ့သည်။

 
 

 

 

Most read this week

May 17, 2024
ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက်...
May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...
May 15, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လင်းသီရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသူ...