ကရင်နီပြည်နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ရှိ တီးလုံအုပ်စု၊ ထီးစဲခါးအုပ်စုအတွင်း ကျေးရွာပေါင်း ၂၀ မှ ဒေသခံပြည်သူ ၈,၀၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၂ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရပြီး ဆေးဝါးနဲ့ တဲထိုးပြီးနေထိုင်နိုင်ရန်အတွက် မိုးကာ အဓိက လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး လိုက်ပါကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
“လောလောဆယ်တော့ တိုက်ပွဲအခြေနေက ငြိမ်နေသေးတယ်။ သို့သော် စစ်ကောင်စီတွေက နေရာအနှံ့အပြား လှည့်လည်နေတုန်းမို့ အိမ်မပြန်ရဲကြဘူး။ ပစ္စည်းတွေလည်း ပါမလာဘူး။ ပြန်လည်းမယူရဲကြဘူး။ အဲလိုတွေရှိတယ်ပေါ့နော။ သူတို့ဖက်က အခက်အခဲကတော့ တိုက်ပွဲဖြစ်တာနဲ့ ထွက်ပြေးရတဲ့အတွက် ပစ္စည်းတွေ ပါမလာဘူး။ အထူးသဖြင့် မိုးကာတွေ၊ စောင်တွေ၊ အဝတ်တွေ ပါမလာကြဘူးပေါ့နော။ ဒါ့အပြင် ဆေးဝါးတွေလည်း စစ်ရှောင်တွေရှိတဲ့နေရာတိုင်း လိုအပ်တယ်။ ကျမတို့ ရောက်သွားတာနဲ့ အရင်ဆုံး ဆေးပဲတောင်းတယ်ပေါ့နော။ ဖျားနာတာတွေလည်း ဆေးမှူးတွေ အလုံအလောက်မရှိဘူးဖြစ်နေတယ်” လို့ ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။
အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး လတ်တလောအခြေအနေအရ တိုက်ပွဲနဲ့ ကိုဗစ်ရောဂါအခြေအနေကို အကြောင်းပြပြီး ပစ္စည်းရိက္ခာပေးမသယ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေဆီ အကူအညီရောက်သင့်သလောက် မရောက်ဘူးလို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော် (KA) ရဲ့ နည်းဗျူဟာ (၁) လက်အောက်ခံ အမှတ် (၃) တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ (၆၆)၊ ၅၃၀ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။
“အခုက ခြံထဲမှာ ခနရှောင်နေကြတယ်။ အမျိုးတွေစုပြီး နေကြတယ်။ နေရာ ခုမှ လိုက်ရှာယူနေတုန်းပါပဲ။ ရေတော့ရှားတယ်။ ဟင်းကလည်း ရှာရခက်တယ်။ ဆေးဝါးကြိုမဝယ်ထားတဲ့ မိသားစုတွေရှိတယ်။ ဝယ်ထားတဲ့လူတွေဆီ တောင်းကြတာ။ နောက်လည်း ဝယ်မရမှာ စိတ်ပူကြလို့ မပေးချင်တာလည်း ရှိတာပေါ့။ သူတို့က ဝေးဝေးသွားနိုင်တဲ့မိသားစုဆို ဝေးဝေးသွားကြတယ်။ ပစ္စည်းမသယ်နိုင် ကလေးသူငယ် ကိုယ်ဝန်ဆောင်တွေက ကိုယ်ရဲ့ခြံတွေမရှိဘူးဆို သူများခြံထဲက တဲထဲမှာ နေနေကြတာ။ တကယ်အခြေအနေဆိုးပီး မပြေးမနေရဆို ထပ်သွားကြမှာပေါ့” လို့ ကွန်နားကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ထီးစဲခါးကျေးရွာအုပ်စုထဲက ကွန်နားကလိုးခူ၊ ဒေါတဟေး၊ ဝမ်ခိုင်း ကျေးရွာတစ်ကြောဖက်မှာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး ရိက္ခာ ဆယ်ရက် တစ်ပတ်စာနဲ့ စားသောက်ဖို့ အဆင်ပြေနေသေးပေမယ့် ရက်ကြာရင်တော့ ရိက္ခာလိုအပ်မယ်လို့ ဒေါတဟေးကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကနေတော့ ကြိုတင်ပြင်ဆင်မှုရှိတယ်။ အကယ်၍ တိုက်ပွဲဖြစ်ရင် ရိက္ခာလိုအပ်မယ်ဆိုတော့ တစ်ပတ်စာ၊ ဆယ်ရက်စာတော့ သူတို့တောင်ယာထဲမှာတော့ ပို့ထားတယ်။ လောလောဆယ် အဲ့ဒါစားနေတယ်။ ဒါပေမယ့် စစ်ရှောင်က ရက်ကြာသွားမယ်ဆိုရင်တော့ ရိက္ခာတော့လိုမယ်” လို့ သူကပြောပါတယ်။
ကရင်နီပြည်လူထုတွေကို သတိနဲ့နေကြဖို့နဲ့ အခြေအနေစောင့်ကြည့်ပြီး ရှောင်သင့်ပါက ရှောင်ထားကြဖို့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသလို ဒေသခံပြည်သူတွေကလည်း စစ်ကောင်စီဖက်မှ ထပ်မံပြန်လာပြီး ပြန်လည်ပစ်ခတ်မှာကို စိုးရိမ်ကြောက်လန့်နေတဲ့အတွက် ကျေးရွာထဲပြန်မနေတော့ဘဲ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပဲ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းက ကရင်နီတပ်မတော် (KA) ရဲ့ အမှတ် ၃ တပ်ရင်း လှုပ်ရှားနယ်မြေထဲကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။







