ကိုဗစ်တတိယလိုင်းအတွင်း ရခိုင်ပြည်နယ်တွင် လူသုံးအများဆုံးဖြစ်သည့် ဆေးဝါးများပြတ်လပ်နေကြောင်း သိရသည်။
လက်ရှိ ကိုဗစ်ကာလတွင် လူသုံးအများဆုံးဖြစ်သည့် ဗီတာမင် C၊ ဘီတာမင် D 3၊ ဇင့်၊ paracetamol (ပါရာစီတာမော့)၊ Oximeter (အောက်ဆီဂျင်တိုင်းစက်) စသည့်ဆေးဝါးများမှာ ပြည်မကုမ္ဗဏီများတွင် ပြတ်လပ်နေသည့်အတွက် မှာယူရာတွင် ကြန့်ကြာနေခြင်း၊ လမ်းခရီးအခက်အခဲများကြောင့် ရခိုင်ပြည်ဈေးကွက်တွင် ပြတ်လပ်နေကြောင်း ဧကရာဇ်အားမာန်ဆေးကုမ္ဗဏီမှ Admin manager ကိုထွန်းမင်းဦးကပြောသည်။
“ကိုဗစ်ကာလမှာ အများဆုံးသုံးဖြစ်တဲ့ဆေးတွေက ရန်ကုန်ကုမ္ဗဏီကနေ ပစ္စည်းပြတ်နေတာပါ။ အဲဒီဆေးဝါးတွေက နိုင်ငံခြားကနေ အဝင်နှောင့်နှေးနေတဲ့အတွက် ဒီမြန်မာပြည်ဖက် မရောက်နိုင်သေးဘူး။ ပုံမှန်သုံးနေကျ ဆေးဝါးတွေကတော့ မပြတ်ပါဘူး” ဟု ဆိုသည်။
ကိုဗစ်ကာလအတွင်း အများဆုံးသုံးဖြစ်သည့်ဆေးဝါးမှာ နိုင်ငံခြားမှတဆင့် မြန်မာနိုင်ငံကိုတင်သွင်းသည့် ဆေးဝါးများဖြစ်သည့်အတွက် ယင်းဆေးများမှာ မည်သည့်အချိန်တွင် ပြန်ဝင်လာမည်ကို မသိရသေးကြောင်းလည်း ၎င်းကဆိုသည်။
ကိုဗစ်ကာလတွင် ပြည်သူလူထုအနေဖြင့်လည်း ကျန်းမာရေးအတွက်စိုးရိမ်ကာ ဆေးဝါးများကို ဝယ်ယူသိမ်းဆည်းထားခြင်းကြောင့် ဆေးဝါးများမှာ ပုံမှန်ဝယ်လိုအားထက်များနေသည်ဟု စိန်ဆေးဆိုင်မှ တာဝန်ရှိသူ မအေးအေးမြင့်က ပြောသည်။
“ဒေသခံတွေ ဒီကာလမှာ တခုခုဆိုရင် အရမ်းစိုးရိမ်ကြတယ်လေ။ ဒါကြောင့် ဆေးတွေကိုလည်း ဝယ်ထားကြတာလည်းဖြစ်နိုင်တယ်။ ဘိုင်အိုဂျက်ဆစ်ဆိုလို့ရှိရင် လုံးဝမရှိတော့ဘူး။ ဆေးတွေပြတ်နေပေမဲ့ ဈေးနှုန်းကတော့ မတက်ပါဘူး။ အရင်ရောင်းဈေးအတိုင်းပဲ ရောင်းပါတယ်” ဟု ဆိုသည်။
ကိုဗစ်ကာလအတွင်း အသုံးများသည့် ဆေးဝါးများပြတ်လပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ပြီး စစ်တွေမြို့ ဈေးကွက်အတွင်း အနည်းခန့်သာရှိတော့သည်ဟုလည်း သိရသည်။







