ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်၊ နွား ၄ ကောင်သေဆုံး

ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်၊ နွား ၄ ကောင်သေဆုံး

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ လူနေထူထပ်သော ရပ်ကွက်အတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရှိပြီး နွား ၄ ကောင်ခန့် သေဆုံးသွားကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက် ည ၉ နာရီအချိန်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ ၁၄၂ စစ်တပ်ကုန်းမှ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ရာတွင် အမှတ် ၃ လူနေရပ်ကွက်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက ယခုလိုပြောပြသည်။

“စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့တယ်။ ဘာကြောင့်ပစ်မှန်းကိုမသိဘူး။ ၁၀ ကြိမ်ထက်မကဘူး။ သူတို့က တစ်ဖက်တည်းပစ်တာလည်းမဟုတ်ဘူး။ လူနေတဲ့ရပ်ကွက်ဘက်ကို ထောင်ပြီးပစ်တယ်။ အဲ့ကြောင့် ရပ်ကွက် ၃ က ဦးလေးတစ်ယောက်မှာ ကျည်ထိမှန်ထားတယ်။ ပြီးရင် သူရဲ့ နွားတင်းကုတ်မှာလည်းကျတယ်” ဟု ပြောဆိုသည်။

နွားတင်းကုပ်ရှိ နွား ၄ ကောင် လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည်ဟုလည်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရသည့်ညတွင် ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာရှိ စစ်ကောင်စီအောက် ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဉ်အပြီး ဆက်တိုက် မိုးမောက် ဒေါ့ဖုန်းယန်မြို့တွင်လည်း စစ်တပ်က လူထုရှိရာရပ်ကွက်သို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက သုံးသပ်ပြောဆိုထားသည်။

“အောင်မြေ (၁) မှာ KIA က သွားတိုက်ခိုက်နေတဲ့အချိန်မှာဘဲ ကျနော်တို့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ KIA က ဝင်တိုက်ခိုက်တာကို မကျေနပ်လို့ ပြန်တုန့်ပြန်တဲ့အနေနဲ့ ပြန်တိုက်ခိုက်တယ်လို့ဘဲမြင်တယ်” ဟု ဆိုသည်။

ကျည်ထိမှန်ထားသည့် အမျိုးသားမှာ အသက် ၅၀ ဝန်းကျင် ဦးခင်မောင်ညွန့်ဆိုသူဖြစ်ပြီး လက်မောင်းတစ်ဖက်တွင် ထိခိုက်ဒဏ်ရာ ရရှိထားသည်။

မိုးမောက်မြို့နယ် အလော့ဘွမ်တောင်ခြေဖြစ်သော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေါ့ဖုန်းယန်မြို့များတွင် လက်ရှိတွင် အာဏာသိမ်းစစ်တပ််နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်သောတိုက်ပွဲ မဖြစ်ပွားဘဲ လက်နက်ကြီးများဖြင့်သာ ပစ်ခတ်နေကြကြောင်း သိရသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...