ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား စိတ်ကြွဆေးပြား (ရာမ) သုံးစွဲသူများ ပိုမိုများပြားလာနေကြောင်း ကျေးရွာပြည်သူများက ပြောသည်။
ရာမရောင်းချနေသည့်ဆိုင်သည် ရှဒေါင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ရှဒေါင် အထက-၁) ၏ အနောက်ဘက်တွင် တည်ရှိပြီး ရှစ်တန်း၊ ကိုးတန်းအရွယ် ကျောင်းသားများကို ရာမရောင်းချပေးနေခြင်းကြောင့် ကလေးငယ်များအကြား သုံးစွဲသူများပြားလာခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ကလေးတွေက သူတို့ရတဲ့ မုန့်ဖိုးနဲ့ဝယ်ပြီး ချောင်းဘေးတွေမှာ သုံးနေကြတာ ခဏခဏတွေ့ရတယ်။ ကျနော် တို့ သိထားတာက ရာမသုံးတဲ့ ကလေးတွေ အယောက် ၃၀ လောက်တော့ ရှိနေပြီ” ဟု ၎င်းက ပြော သည်။
ယခုကဲ့သို့ ရာမသုံးစွဲမှုများကြောင့် ကလေးအချို့မှာ ကျောင်းဆက်မတက်နိုင်တော့ဘဲ ရှဒေါင်ကျေးရွာအနီး နမ်ကွယ်ချောင်း (နန်းကွေ့ချောင်း) နှင့် စာသင်ကျောင်း အနီးနေရာများတွင် နေ့စဉ်နီးပါး ရာမသုံးစွဲနေကြသည်ကို ပေါ်ပေါ်တင်တင် တွေ့လာရကြောင်း ပြည်သူများက ပြောသည်။
ထို့ပြင် ရာမရောင်းချသူများက ကလေးငယ်များကို အသုံးချကာ မူးယစ်ဆေးဝါး ရောင်းခိုင်းမှုများလည်း ရှိနေ ကြောင်း နောက်ထပ် ဒေသခံပြည်သူတစ်ဦးက ဆက်ပြောသည်။
“ရောင်းတဲ့သူက ကိုယ်တိုင်မရောင်းဘူး။ တချို့က ကလေးတွေကို စာရင်းကိုင်ခိုင်းပြီး လုပ်တာ။ ဒါတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုလုပ်လာတာ။”
ယခုကဲ့သို့ ကျောင်းသားအရွယ် ကလေးငယ်များအထိ ရာမသုံးစွဲမှု ပိုမိုများပြားလာခြင်းကြောင့် ကလေးများ၏ ပညာရေးနှင့် လူမှုဘဝအပေါ် များစွာစိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
အခြား ဒေသခံအမျိုးသားတစ်ဦးက “အခုကလေးတွေက ကျောင်းစာတွေ မလုပ်နိုင်တော့ဘူး။ နောက်ဆုံး ကျောင်းထွက်သွားရတယ်။ မကောင်းတဲ့အလုပ်တွေ လုပ်လာကြတယ်။ မူးယစ်ဆေးပေးတဲ့သူတွေနောက် လိုက် ပြီး သူတို့ခိုင်းတာတွေ လိုက်လုပ်လာကြတယ်။ နောက်ဆုံး မိဘတွေနဲ့ပါ အဆင်မပြေဖြစ်လာတယ်” ဟု ပြောသည်။
ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ ၂၀၂၃ ခုနှစ်ဝန်းကျင်က ရှဒေါင်ကျေးရွာ ရပ်ကွက် (၃) နေရာတွင်သာ မူးယစ်ဆေးသုံးစွဲသူများ ရှိခဲ့သော်လည်း လက်ရှိတွင် ရပ်ကွက် (၁၊ ၂၊ ၃) တို့အပြင် ရပ်ကွက် (၄၊ ၅၊ ၆) များတွင်ပါ သုံးစွဲသူများ ရှိလာကြောင်း ဆိုသည်။
လက်ရှိတွင် ရှဒေါင်ကျေးရွာ၌ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီး အိမ်တိုင်းနီးပါးတွင် မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ဦး ခန့် ရှိလာသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများက ဆိုကြသည်။ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုများ မြင့်တက်လာခြင်းနှင့်အတူ ကျေးရွာအတွင်း ခိုးဆိုးလုယက်မှုများ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံ များက စိုးရိမ်ပူပန်နေကြသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသော်လည်း ရာမရောင်းချသူများ၏ နောက်ကွယ်တွင် အုပ် ချုပ်ရေးပိုင်းနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်နေသောကြောင့် ထိရောက်သည့် အရေးယူမှုများ မရှိသေး ကြောင်း ဆိုသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရှဒေါင်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများကို KNG က ဆက်သွယ် မေး မြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
ရှဒေါင်ကျေးရွာသည် မြစ်ကြီးနားမြို့၊ နမ့်ပေါင် လေတပ်စခန်း မရောက်မီ မြို့အဝင်ဘက်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ကချင်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်တိုင်းနီးပါး၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အခြေအနေမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာလျက် ရှိနေသည်။
ဓာတ်ပုံ - ရှဒေါင်ကျေးရွာ မြင်ကွင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - KNG)







