စစ်ဘေးရှောင်စခန်းတွေမှာ မူလတန်းအရွယ် ကလေးတွေကို စာသင်ပေးဖို့ စီစဉ်ဆောင်ရွက်နေ၊ လိုအပ်ချက်များ ရှိနေဆဲ

စစ်ဘေးရှောင်စခန်းတွေမှာ မူလတန်းအရွယ် ကလေးတွေကို စာသင်ပေးဖို့ စီစဉ်ဆောင်ရွက်နေ၊ လိုအပ်ချက်များ ရှိနေဆဲ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတွေမှာ မူလတန်းအရွယ် ကလေးငယ်တွေကို စာသင်ပေးဖို့ စီစဉ်ဆောင်ရွက်နေပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ စီစဉ်ဆောင်ရွက်နေသူ ဆရာမတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။



“လိုအပ်တာတွေတော့ အများကြီးပေါ့ လောလောဆယ် ပညာရေးဖက်မှာ လိုက်မယ်ဆိုရင်တော့ အခုက ဒုတိယအကြိမ်ကို အစကနေ ပြန်စမယ်။ ပထမတစ်ခေါက် လုပ်တော့လုပ်ထားတယ်။ ဒါပေမယ့် တစ်ကွဲတစ်ပြားဖြစ်သွားတဲ့အတွက် ဘာမှကို မယူလိုက်ရဘူး။ အခု ဒုတိယအကြိမ် ပြန်စတဲ့အချိန်မှာ အမတို့က သုံညကနေ ပြန်စရတယ်ပေါ့နော။ လိုအပ်တဲ့ဟာတွေအကုန်လုံး ခဲတံတစ်ချောင်းကအစ အမတို့ ပြန်ရှာရတယ်။ ကလေးတွေလည်း ပြန်စုရတယ်။ မိဘတွေနဲ့လည်း ပြန်ပြီးတော့ အချိန်ယူရတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် မိသားစုတွေက တစ်ကွဲတစ်ပြား ပြေးနေရတဲ့အချိန်မှာ ကလေးတွေ မိဘတွေအတွက် သူတို့စိတ်ချရအောင်လို့ မိဘတွေနဲ့လည်း တိုင်ပင်ရသေးတယ်ပေါ့” လို့ စာသင်ရန်အတွက် စီစဉ်ဆောင်ရွက်နေသူ ဆရာမတစ်ဦးက ပြောပါတယ်။



နေရာထိုင်ခင်းအပြင် ခဲတံ၊ ပေတံ၊ ဗလာစာအုပ်၊ ဝိုက်ဘုတ်စတဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပြီး ကလေးမိဘတွေသဘောထားနဲ့ နောက်ပတ်ကစပြီး သင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



KG တန်းမှ ၄ တန်းအထိ မူလတန်းအရွယ်ကလေးတွေကို သင်ကြားပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အတန်းတစ်တန်းကို ၂၀ ဝန်းကျင်ရှိနေတာကြောင့် ကောက်ယူထားတဲ့စာရင်းအရ ကျောင်းသားစုစုပေါင်း ၁၀၀ ဝန်းကျင်ရှိနေပြီး သင်ကြားပေးမယ့် ဆရာ/ဆရာမ ၁၂ ဦးရှိတယ်လို့ သိရပါတယ်။



လတ်တလောအခြေအနေအရ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အပစ်ခတ်ရပ်စဲထားတာကြောင့် ကျေးရွာအတွင်း ခန်းမဆောင်မှာသာသင်ကြားဖို့ ရည်ရွယ်ထားပြီး အခြေအနေအပေါ်မူတည်ပြီး ရွေ့လျားစနစ်နဲ့ သင်ကြားဖို့လည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။



ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းအပြင် တခြားသောနေရာတွေမှာလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့ တစ်လအတွင်းမှာလည်း စစ်ဘေးရှောင်နေရာတွေမှာ စာပေဝိုင်းပုံစံမျိုးနဲ့ ကလေးတွေကို စာသင်ပေးပြီး အခြေအနေအမျိုးမျိုးကြောင့် နှစ်ပတ်သာ သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။



ကိုဗစ်ရောဂါကြောင့်သော်လည်းကောင်း၊ စစ်အာဏာသိမ်းမှုကြောင့်သော်လည်းကောင်း ၂ နှစ်အတွင်း ကျောင်းမတက်ရတာကြောင့် စာနဲ့ဝေးကွာနေတဲ့ ကလေးတွေကို စာသင်ပေးဖို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။



“အခု ကလေးတွေက စာနဲ့ဝေးနေတာ ၂ နှစ်ရှိလောက်ရှိပြီလို့ ပြောရမှာပေါ့နော။ ကိုဗစ်တုန်းကရယ် အခု ဒီအာဏာသိမ်းတဲ့ ကာလအတွင်းပေါ့။ ကလေးတွေက စာပေနဲ့ဝေးတဲ့အတွက်ကြောင့် အဆက်ပြတ်သွားတာလည်းရှိတယ်။ အဲဒါတွေကို အဓိက ပြန်ထိန်းပေးချင်တဲ့သဘောပေါ့နော။ အခုဆို ကလေးတွေကို စာပြန်သင်တာ စာရေးတာကအစ မရေးတာကြာတဲ့အတွက် သူတို့စာရေးတဲ့အခါ သူတို့အတွက်လည်း တော်တော်အခက်အခဲဖြစ်သွားတယ်။ လက်တွေက မငြိမ်တော့တာမျိုးရှိတယ်” လို့ ဆရာမက ဆက်ပြောပါတယ်။



မေလ ၂၀ ရက်နေ့ကစပြီး ဒီမော့ဆိုမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ထိရှိခဲ့ပြီး လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ယာယီအပစ်ရပ်နားထားသော်လည်း ဒီမော့ဆိုမြို့နယ် ကျေးလက်ဒေသဖက်မှာ တပ်စွဲထားတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။



စစ်ဘေးရှောင်ပြည်သူအချို့က မိမိနေရပ်အိမ်ကို ပြန်လာတာရှိပေမယ့် အများစုကတော့ စစ်ဘေးရှောင်နေရာမှာ ရှိနေဆဲလို့ သိရပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...