တောင်ကြီးမြို့ ရပ်ကွက်တချို့ စစ်ကောင်စီမှ စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ

တောင်ကြီးမြို့ ရပ်ကွက်တချို့ စစ်ကောင်စီမှ စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေ

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့ကို စစ်ကောင်စီအုပ်စုက လူနေအိမ်များထဲ မီးထိုးရှာဖွေမှုများ၊ ဝင်ရောက်ဖမ်းဆီးမှုများ၊ လမ်းစုံများတွင် ယာဉ်များတားကာ ပစ္စည်းရှာဖွေမှုများအား ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံများထံမှသည်။

”မနေ့ညက ဝါးပြားမြောက်ရွာမှာ အိမ်စီးကား၆ စီးနဲ့ မဟာစည်လမ်းဖက်ကလာပြီး အိမ်တွေထဲထိ ဆလိုက်မီးတွေထိုးပြီးရှာနေကြတာ ကားမီးတွေလဲ စူးနေအောင်ထိုးထားတယ်၊ သေနတ်တွေလည်း ဖောက်တယ် ဝါးပြားမှာ ၃ ညလောက်ရှိပြီ သူတို့ ညတိုင်း လာရမ်းကားနေတာ ဘာသတင်းရထားလဲမသိဘူး၊ လူမတွေ့ရင် လမ်းပေါ်ကခွေးတွေနဲ့တောင် ရန်ဖြစ်တယ်လေ ကြားနေရတာပေါ့” ဟု ဝါးပြားရပ်နေ ပြည်သူများကပြောသည်။

ဇွန်လ ၂၃ ညတွင် ကျောင်းကြီးစုရပ်၊ ဝါးပြားမြောက်ရွာအတွင်း စစ်ကောင်စီအုပ်စုမှ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ထိခိုက်မှုရှိ/မရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

”ရှေ့ရက်ကလဲ ကျောင်းကြီးစုကနေအိမ်ထဲ ၉ တန်းကျောင်းသားကို ရာဘာကျည်နဲ့ ပစ်ရိုက်နက်ပြီးခေါ်သွားတာ သူ့အမေက သူသားကို ဝိုင်းရိုက်နေတာတွေ့တော့ ဝင်တားတာ သူ့အမေပါ ခေါင်းကွဲအောင်ရိုက်ခံရတာ” ဟု ကျောင်းကြီးစုရပ်နေ ပြည်သူတစ်ဦးကပြောသည်။

ဝါးပြားလမ်းစုံမီးပွိုင့်တွင် ည (၇) နာရီကျော်အချိန်တွင် စစ်ကောင်စီအုပ်စုမှ ဆိုင်ကယ် ကားများတား၍ ပါလာသမျှပစ္စည်းများအားအတွင်းကျကျစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"ဘာမှမလုပ်တဲ့ ကလေးတွေ မိဘမျက်စိရှေ့မှာပဲထားတဲ့ ကလေးတွေလဲ ဝင်ဖမ်းနေတာ ဘာအဓိပ္ပါယ်လဲ၊ သေချာတာကတော့ ဒီစစ်အုပ်စုက ကြောက်ရမ်းရမ်းနေပြီ၊ ကလေးတွေအကုန်လုံးကို သူတို့မျက်စိထဲ PDF တွေလို့ပဲ မြင်နေတာ"

ထို့အပြင် မြေဖြူနှင့် ညောင်ဖြူစခန်းရပ်တို့တွင်လဲ ညအချိန် ဧည့်စာရင်းစစ်ခြင်းများကို အကြောင်းပြု၍ လူနေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

“ကျမအသိအိမ်ဆို တံခါးတွေကန်ဖွင့် ဧည့်စာရင်းစစ်တယ်ပြောပြီး အိမ်ထောင်စုဇယားမိတ္တူတွေပါ ယူသွားတယ်” ဟု ပြည်သူတစ်ဦးကပြောသည်။

တောင်ကြီးမြို့အတွင်း စစ်ကောင်စီအုပ်စုများသည် တိုက်အထပ်မြင့်များပေါ်တွင် နေရာယူထားခြင်း၊ ဘုန်းကြီးကျောင်းဝန်းများပေါ်တွင် မြေ ကတုတ်ကျင်းတူး၍ တပ်စွဲထားခြင်းများပြုလုပ်နေပြီး လူငယ်များအား အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံပြည်သူများမှ ပေးပို့လာသောအချက်အလက်များအရ သိရှိရပါသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...