ကျိုင်းတုံထွေအုပ် ကားဖြင့်လိုက်တိုက်ဖမ်းဆီး သမီးလည်းဆုံး၊ ဖခင်လည်းအမှုဖွင့်ခံရ

ကျိုင်းတုံထွေအုပ် ကားဖြင့်လိုက်တိုက်ဖမ်းဆီး သမီးလည်းဆုံး၊ ဖခင်လည်းအမှုဖွင့်ခံရ

သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် ဇွန် (၁၉) ရက် ည (၉) နာရီဝန်းကျင်တွင် နေမကောင်းသည့်သမီးလေးကို ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်စဉ် စစ်ကောင်စီမှ ကားဖြင့်လိုက်လံတိုက်ပြီး ဖမ်းဆီးမှုကြောင့် (၁) နှစ်ကျော်ကလေးသေဆုံးကာ၊ ၎င်း၏ဖခင်ကို လူသတ်မှုဖြင့် အမှုပြန်ဖွင့်ထားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် (၁၉) ရက် ည (၉) နာရီတွင် (၁) နှစ်ကျော်သမီးလေး နေမကောင်းသဖြင့် ဖခင်ဖြစ်သူက ၎င်း၏ကလေးကို တဖက်တွင်ပွေ့ချီပြီး ဆိုင်ကယ်မောင်းကာ ဆေခန်းလိုက်ပြပြီး နေအိမ်အပြန်လမ်းတွင် စစ်ကောင်စီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကား၊ စစ်ကားနှင့် ရဲကားများကို ထိပ်တိုက်တွေ့ဆုံခဲ့ရာ လမ်းရှောင်မောင်းနေစဉ် ထွေအုပ်ကားက လိုက်လံတိုက်ခဲ့သည်။

ထိုကားတိုက်မှုကြောင့် လက်တွင်ပွေ့ချီထားသည့် (၁) နှစ်ကျော်သမီးလေး လွှင့်ထွက်သွားပြီး၊ ခေါင်းကို အုတ်နှင့်စောင့်မိကာ ဒဏ်ရာပြင်ထန်းမှုကြောင့် (၁၀) မိနစ်အကြာတွင် ကလေးသေဆုံးခဲ့သည်။

“သူသမီးနေမကောင်းလို့ ဆေးခန်းသွားပြတယ်။ ဆေးခန်းတွေကပိတ်ထားတယ်။ အိမ်ပြန်လမ်းမှာ ညကင်းလှည့်နေတဲ့ကားနဲ့တွေ့တယ်။ သူလမ်းကိုသူသွားတယ်။ ကားလာလို့ဆိုပြီး သူလမ်းရှောင်မောင်းသွားတယ်။ အဲတာကို နောက်တစ်စီးက ဝင်တိုက်သွားတယ်” ဟု ဖြစ်စဉ်ကို ၎င်း၏ နီးစပ်သည့် ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကားတိုက်မှုကြောင့် သမီးလေးသေဆုံးခဲ့ပြီး ၎င်း၏ဖခင်ဖြစ်သူလည်း စစ်ကောင်စီက ရိုက်နှက်မှုပြုလုပ်ကာ ဖခင်ကို လူသတ်မှုဖြင့် တရားပြန်စွဲဆိုခဲ့ကြောင်း နီးစပ်သည့်ဆွေမျိုးက ပြောသည်။

“ကားတိုက်ပြီးတော့ ဖအေဖြစ်သူကို ရိုက်သေးတယ်။ “ကျနော်သမီး ကျနော်သမီး” လို့ အော်သေးတယ်။ အဲဒါကို ရိုက်နေတဲ့အုပ်စုက ဂရုမစိုက်ဘူး။ ခဏနေမှ ကလေးကိုတွေ့တော့ ဆေးရုံးသွားပြတဲ့ချိန်မှာ ဆေးရုံးမှာ ကလေးကဆုံးသွားတယ်” ဟု ထိုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ဆက်လက်ပြီး ဇွန်လ ၂၀ ရက်တွင် သေဆုံးသွားသည့် သမီးလေး၏ရုပ်အလောင်းကို မိခင်ဖြစ်သူက ကျိုင်းတုံမြို့ဆေးရုံ ရင်ခွဲရုံတွင် သွားထုတ်ရာ အချိန်အတန်ကြာစောင့်ယူခဲ့ရကြောင်း၊ အလာတူ ထို့နေမှာ ဖခင်ဖြစ်သူကို ပုဒ်မ (၃၀၄) လူသတ်မှုဖြင့် တရားစွဲဆိုခံရကြောင်း သေဆုံးသွားသည့် သမီးလေး၏မိခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမက ၂၀ ရက်မှာ ဆေးရုံကိုလိုက်သွားတယ်။ ကလေးကို ရင်ခွဲထားတယ်။ ကျမတို့ အကြာကြီးစောင့်နေရတယ်။ ကျမတို့ဘက်က မှန်တယ်။ ကျမတို့ အမှုလည်းမဖွင့်ဘူး။ သမီးလေးပြန်ရပြီးဆိုရင် ကျေအေးပေးတယ်ပြောတယ်။ အဲဒါကို ကျမတို့ ၁၂ နာရီလောက်မှ ကလေးပြန်ရတယ်” ဟု မိခင်ဖြစ်သူက ပြောပြသည်။

လက်ရှိမှာ သမီးလည်းဆုံးရှုံးရသည့်အပြင် အမျိုးသားကိုပါ တရားပြန်စွဲဆိုသည့်အပေါ် စိတ်မကောင်းကြောင်း၊ ဝမ်းနည်းကြောင်း၊ မိမိတို့မိသားစုလို တခြားသူများလည်းမကြုံတွေ့စေရန် ဆုတောင်းကြောင်းလည်း မိခင်ဖြစ်သူက ပြောသည်။

“ကျမက ကလေးလည်းဆုံးရှုံးရတယ်။ အမျိုးသားကလည်း အချုပ်ထဲမှာ။ သူတို့လည်း ဒီလိုဖြစ်စဉ်နဲ့ မကြုံရပါစေနဲ့လို့ ကျမ ဆုတောင်းပေးပါတယ်။ မေတ္တာပို့ပေးပါတယ်။ အခုလို ကျမ သမီးဆုံးရှုံးရသလို သူ့တို့သား၊ သမီးတွေ မဆုံးရှုံးပါစေနဲ့။ ကျမယောက်ျားကြုံနေရသလို သူတို့မကြုံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်” ဟု ကလေး၏မိခင်က ငိုပြီးပြောသည်။

ကျိုင်းတုံမြို့တွင် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ပြည်သူများကို ကားဖြင့်လိုက်လံတိုက်ပြီးဖမ်းဆီးခြင်း၊ အချိန်မတော် နေအိမ်ထဲဝင်ရောက်ဖမ်းဆီးခြင်းတို့ပြုလုပ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...