တောင်ကြီးမြို့ စစ်ကောင်စီမှ (၉) တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီးဖမ်းဆီး

တောင်ကြီးမြို့ စစ်ကောင်စီမှ (၉) တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီးဖမ်းဆီး

သျှမ်းပြည် တောင်ကြီးမြို့ ယမန်နေ့ (ဇွန် ၂၂) ရက် မနက် (၅) နာရီကျော်တွင် စစ်ကောင်စီအုပ်စုသည် အကိုဖြစ်သူကိုမတွေ့သဖြင့် အသက် (၁၅) နှစ် မပြည့်သေးသည့် (၉) တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ဖြင့်ပစ်ပြီး၊ ရိုက်နှက်ကာဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၂ ရက် မနက် (၅) နာရီကျော်တွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၉) တွင် မိဘများနှင့်အတူနေထိုင်နေသည့် (၉) တန်းကျောင်းသား စိုင်းလင်းဦးကို စစ်ကောင်စီအုပ်စုက နေအိမ်ထဲထိ အတင်းအဓမ္မ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်

“နံနက် ၅ နာရီလောက်မှာ အိမ်ကို အတင်းဝင်ပြီး အစ်ကိုဖြစ်သူကိုလာရှာတယ်၊ မတွေ့တော့ ကောင်လေးကိုခေါ်သွားတယ်၊ ကောင်လေးက ရုန်းတော့ ရာဘာကျည်နဲ့ပစ်တာ၊ သေနတ်နဲ့လည်းထုတယ်၊ ကလေးကိုသနားတယ်၊ သူ့မှာက ဘာမှမလုပ်ရဘူး” ဟု စိုင်းလင်းဦးတို့နှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် စိုင်းလင်းဦးသည် အသက် ၁၅ နှစ်မပြည့်သေးကြောင်း၊ ကိုးတန်းကျောင်းသားသာရှိပြီး လာရောက်ဖမ်းဆီးစဉ်တွင် ရာဘာကျည် (၃) ချက်၊ သေနတ်ဒင်နှင့် တစ်ချက်ထုကာ အကြမ်းဖက်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ကောင်လေးက အတော်တော်ကို အရိုက်ခံရတယ်၊ သူတို့က အရမ်းရက်စက်တယ်ဗျာ၊ အိမ်ကိုလည်း ဝင်မွှေသွားတယ်၊ ကောင်လေးကိုလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ ကားပေါ်ရောက်တော့ ခေါင်းကိုလည်း ပလက်စတစ်အိတ်နဲ့ စွပ်သွားသေးတယ်” ဟု မျက်မြင်တွေ့ရသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအုပ်စုသည် အာဏာသိမ်းပြီးနောက် အရပ်သားနေအိမ်များကို စစ်ဖိနပ်များဖြင့်ဝင်ရောက်ပြီး တံခါးကိုလည်း ရိုက်ဖျက်ကာ အတင်းအဓ္မမ ရှာဖွေဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

ဇွန်လ ၁ ရက်နေ့မှ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ အကြောင်းရင်းမသိရဘဲ စစ်ကောင်စီအုပ်စုသည် တောင်ကြီးမြို့ အရပ်သားများကို ဖမ်းဆီးခဲ့သည်မှာ အယောက် ၂၀ နီးပါးခန့်ရှိပြီး၊ စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ယနေ့ချိန်ထိ တောင်ကြီးမြို့ အရပ်သား (၁၀၀) ကျော် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...