သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင်တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ်ကို KIA က ဇွန် ၂၀ ရက်တွင် တပ်ဆုတ်ရန်ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
“မန်ပန်ပြည်သူစစ်က မိုင်းယော်မြို့အဝင်မှာရှိနေတယ်။ KIA က မန်ပန်ပြည်သူ့စစ်ကို တို့ကိုတပ်ဆုတ်ထားခိုင်းတာ (၂) ရက်တော့ရှိပြီ။ သူတို့ ဆုတ်သွားတာတော့ မရှိဘူး။ တပ်ကို ပိုပြီးခိုင်းမာအောင် လုပ်ထားတယ်။ သူတို့မဆုတ်ရင်တော့ စစ်ဖြစ်မလားမသိဘူး” ဟု မိုင်းယော်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
KIA တပ်မှ ညွှန်ကြားထားသော်လည်း မန်ပန်ပြည်သူ့စစ်တပ်အနေဖြင့် နောက်ဆုတ်ပေးခြင်းမရှိသည့်အပြင် တပ်စခန်းကို ပိုပြီးခိုင်မာအောင် တည်ဆောက်တပ်စွဲထားသည့်အတွက် မိုင်းယော်တိုက်နယ်တွင်နေထိုင်သည့် ပြည်သူများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်နေရကြောင်း သိရသည်။
“ကျနော်တို့တော့ စစ်ဖြစ်မှာကြောက်တာပေါ့။ စိုးရိမ်တယ်။ ညညဆို အိပ်တောင်းမပျော်ဘူး။ စစ်ဖြစ်ရင် ဘယ်ကိုထွက်ပြေးရမလဲမသိဘူး။ စစ်မဖြစ်စေချင်ဘူး” ဟု အထက်ပါဒေသခံကပြောသည်။
ထိုသို့ မန်ပန်ပြည်သူစစ်ကို တပ်ဆုတ်ခိုင်းသည့်ကိစ္စနှင့်ပတ်သတ်ပြီး ကချင်တပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူးက “ကျနော် အဲ့သတင်းကတော့ မကြားပါဘူး။ ဒေသခံတွေက အထင်နေမှာပါ။ ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ ညွှန်ကြားတာတော့ မဖြစ်နိုင်ပါဘူး” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။
ဆက်လက်ပြီး လက်ရှိ မိုင်ယော်မြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကိုးကန့်နှင့် တအောင်း (ပလောင်း) TNLA တပ်တို့ကပူးပေါင်းပြီး မိုင်ယော်မြို့ကို Lookdown လော့ဒေါင်းချလိုက်ပြီးဖြစ်ကြောင်း သိရသည်။
“ကိုဗစ်ကြောင့်ဆိုပြီး မြို့ဝင်/မြို့ထွက်တွေကို ပိတ်လိုက်ပြီ။ လားရှိုးကနေလည်း မိုင်ယော်ထဲဝင်လာလို့မရတော့ဘူး။ မိုင်းယော်ကနေလည်း ထွက်သွားလို့မရတော့ဘူး။ ကို့ကန်နဲ့ TNLA တို့က ပူးပေါင်းပြီးတော့ ပိတ်လိုက်တာ။ အဝင်/အထွက် မပေးလုပ်တော့ဘူး။ ဒါမဲ့ ခြံတော့ သွားလို့ရတယ်” ဟု မိုင်းယော်မြို့ ဒေသခံတစ်ဦးက ပြောသည်။
လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် SSPP/SSA၊ TNLA၊ MNDAA၊ KIA၊ စစ်ကောင်စီနှင့် မန်ပန်ပြည်သူ့စစ်တို့ လှုပ်ရှားရာနေရာဒေသဖြစ်ပြီး၊ မကြာခဏ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် ဒေသတခုဖြစ်သည်။







