သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မဈေးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကြောင့် အရေးပေါ်ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့မဈေးမှ ဈေးသည်တချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် မြို့မဈေးကြီးကို ဇွန် (၁၈) မှစတင်ကာ ဇူလိုင် (၂) ရက်ထိ ပိတ်သွားမည်ဟု အရေးပေါ်ပိတ်လိုက်ရကြောင်း ဈေးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဈေးထဲမှာ ကိုဗစ်-၁၉ တွေ့ရှိလို့ ပိတ်လိုက်တာပါ၊ မနက်ဖြန် ၁၈ ရက်နေ့ကနေစပြီး နောက်လ (ဇူလိုင်လ) ၂ ရက်နေ့ထိ ပိတ်မယ်လို့ လျာထားပါတယ်” ဟု ဈေးတာဝန်ခံတစ်ဦးက သျှမ်းသံတောိဆင့်ကိုပြောသည်။
ထို့အပြင် မြို့မဈေးကြီးနှင့် ဆက်လျက်ရှိသည့် ကုန်စိမ်းဈေးရုံများရောင်းချသည့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ကိုလည်း ပိတ်မည်ဖြစ်ကြောင်း သိရသည်။
“ဒီမြို့မဈေးနဲ့ မြို့မဈေးအနီးတစ်ဝိုက် ဆိုင်ခန်းတွေအားလုံးကို ဇွန်လ ၁၈ ရက်ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ ပိတ်ထားခိုင်းတယ်လို့ ကြားတယ်” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
လားရှိုးမြို့မှာ ဒီနေ့ နေ့လယ် ၃ နာရီအထိ ကိုဗစ်ပိုးတွေ့ရှိသူ (၁၃) ဦး စစ်ဆေးတွေ့ရှိပြီးနောက် မြို့မဈေးကြီးကို အရေးပေါ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။







