လားရှိုးသျှမ်းလူငယ်တစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂) နှစ်ချ

လားရှိုးသျှမ်းလူငယ်တစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂) နှစ်ချ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီမှ (၃) လကျော်နီးပါး မတရားဖမ်းဆီးထားသည့် သျှမ်းလူငယ် ကျော်သက်ဦး (ခ) စိုင်းဆိုင်ဝမ်းဦးကို ဇွန် (၁၆) ရက်တွင် ထောင်ဒဏ် (၂) နှစ်ချခံရကြောင်း စုံစမ်းသိရသည်။

စိုင်းဆိုင်ဝမ်းဦးကို မတ် (၈) ရက် မနက် (၆) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ သိန်းထိုက်ရုပ်ရှင်ရုံအနီးရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ရန် ချိန်းထားကာ သွားနေစဉ် လမ်းတွင် ဖမ်းဆီးခံခဲ့ရသည်။

“သူက ဆန္ဒပြလို့ ဖမ်းသွားတာမဟုတ်ဘူး။ ရဲကတော့ သူ့လက်ထဲမှာ သျှမ်းအလံကိုင်ထားလို့ ဖမ်းတာတဲ့။ ဒါပေမယ့် အလံက သူ့လက်ထဲမှာ မဟုတ်ဘူး။ အလံက သူ့အနီးက မြောင်းထဲမှာရှိနေတာ။ ဒါကို သူ့အလံဆိုပြီး စွတ်စွဲပြီး ဖမ်းသွားတာ။ ဇွန် (၁၆) ရက်ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် (၂) နှစ်ချလိုက်တယ်” ဟု စိုင်းဆိုင်ဝမ်းဦးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းဆိုင်ဝမ်းဦးကို စစ်ကောင်စီမှ ဖမ်းဆီးစဉ်တွင်လည်း ရိုက်နှက်ကြောင်း၊ လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းခံရစဉ်တွင်လည်း ထောင်ထဲတွင် စစ်ကောင်စီမှ အမျိုးမျိုးနှိပ်စက်မှုပြုလုပ်ကြောင်း၊ အကြောင်းအရင်းမသိ စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းကြောင်း ၎င်းအမှုကို လိုက်ပါကူညီပေးသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက မတရားဖမ်းဆီးခံရပြီး ပုဒ်မတပ်ခံရတာပါ၊ သူ့အမှုစစ်တဲ့ကာလမှာ ထွက်ဆိုချက်အရ အတော်လေး ရိုက်နှက်နှိပ်စက်ခံရတယ်၊ ပြီးတော့ အကြောင်းရင်းမသိရဘဲ လက်မှတ်ထိုးခိုင်းတာလည်းရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

စိုင်းဆိုင်ဝမ်းဦး၏အမှုကို စစ်ဆေးရာတွင် လားရှိုးမြို့ အကျဉ်းထောင်ရှိ တရားခွင်တွင်သာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာာသိမ်းယူပြီးနောက် လူငယ်များ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြလှုပ်ရှားသူများကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ သျှမ်းလူငယ်များအနက် စိုင်းဆိုင်ဝမ်းဦးသည် ပထမဆုံး စစ်ကောင်စီမှ ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးဖြစ်သည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...