ကျေးသီးစစ်ဘေးရှောင်စခန်းထိ သေနတ်သံကြားနေရသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့်နေ

ကျေးသီးစစ်ဘေးရှောင်စခန်းထိ သေနတ်သံကြားနေရသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့်နေ

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှစတင်ပြီး ယနေ့အချိန်ထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ရှိ လွယ်ဟွန်းတောင်ကြောတစ်လျှောက် တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့သည် စစ်ဘေးရှောင်စခန်း အနီးတွင် ပစ်ခတ်မှုကြောင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

“ကျနော်တို့ စစ်ရှောင်တွေ နေတဲ့နေရာထိတောင် သေနတ်သံကြားနေရတယ်။ လွယ်ဟွန်းတောင်နားက စစ်ရှောင်တွေနေတဲ့ နမ့်အုပ်ဘုန်းကြီးကျောင်းထိ လက်နက်ကျတယ်။ သေနတ်သံက ဆက်တိုက်ကြားရတော့ စိုးရိမ်စိတ်က ရှိနေတုန်းပဲ” ဟု စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွယ်ဟွန်းတောင် အနီးရှိ စစ်ဘေးရှောင်များနေထိုင်သည့် နမ့်အုပ်ဘုန်းကြီးကျောင်းကို ဇွန် (၇) ရက်တွင် လက်နက်ကြီး (၂) လုံးကျခဲ့ပြီး၊ ထိုအနီးပတ်ဝန်းကျင်တွင်လည်း သေနတ်သံများ ယနေ့ထိ ဆက်တိုက်ကြားနေရသဖြင့် စစ်ရှောင်တချို့က ကျေးသီးမြို့ပေါ် တိမ်းရှောင်နေရကြောင်း လည်း သတင်းရရှိသည်။

“စစ်ဘေးရှောင်တွေနေတဲ့နေရာတောင် လုံခြုံမှုမရှိတော့ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတော့ ကြောက်နေရတယ်။ တချို့ကျေးသီးမြို့ပေါ် ဆွေမျိုးတွေရှိတဲ့သူဆိုရင် မြို့ပေါ်ပြောင်းသွားကြပြီ” ဟု ကျေးသီးစစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ဘေးရှောင် ရွာသားတချို့သည် လက်ရှိအချိန်သည် စိုက်ပျိုးရေးရာသီဖြစ်သဖြင့် နေရပ်ပြန်သွားကြသည့်သူများရှိကြသော်လည်း ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် စစ်ဘေးပြန်ရှောင်လာရကြောင်း သိရသည်။

“ကျနော်တို့ မပြန်ရဲတော့ပါဘူး၊ မနေ့က စစ်ဘေးရှောင်တစ်ချို့က နေရပ်ပြန်သွားကြပါတယ်၊ ဒါပေမယ့် ရွာနားမှာ နှစ်ဖက်လက်နက်ကိုင်တွေက သောင်းကျန်းနေကြလို့ စစ်ဘေးရှောင်စခန်းကို ပြန်လာကြရတယ်” ဟု စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ် (၂) တပ်သည် ယနေ့အချိန်ထိ စစ်ရေးတင်းမာနေပြီး၊ စစ်အင်အားဆက်လပ်ဖြည့်ဆည်းမှုပြုလုပ်ကာ ကျေးရွာလမ်းကို အသုံးပြုနေသဖြင့် ပြည်သူများက ရွာပြန်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

“နှစ်ဖက်စလုံးက စစ်ရေးတွေတင်းမာနေဆဲပဲ၊ ပြီးတော့ စစ်တပ်အင်အားဖြည့်ရင် နှစ်ဖက်လုံးက ကျေးရွာလမ်းကို အသုံးပြုကြတော့ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားမှုကိုလည်း ကြောက်တယ်။ ဒါကြောင့် ရွာမပြန်ရဲသေးဘူး” လို့ စစ်ဘေးရှောင်ကို ကူညီထောက်ပံ့ပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတောင် ကျေးသီးမြို့တွင် (SSPP/SSA) နှင့် (RCSS/SSA) လဝက်ကြာသည့်အထိ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ (၃၀၀၀) ကျော်ရှိနေကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...