လားရှိုးမြို့နယ် ပြည်သူ (၆) ဦးကို TNLA မှ ဖမ်းဆီးခေါ်ဆောင်သွား

လားရှိုးမြို့နယ် ပြည်သူ (၆) ဦးကို TNLA မှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စု နားယေးကျေးရွာခံ သျှမ်းပြည်သူ (၆) ဦးကို တအောင်း (ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နေအိမ်ထိ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နာယေးကျေးရွာခံပြည်သူ ၆ ဦးကို ဇွန်လ (၁၃) ညနေ ၈ နာရီအချိန်တွင် လမ်းပြပေးရန်အတွက်ဟုဆိုကာ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးကြောင်း၊ ၎င်းတို့သည် မည်သည့်တပ်ဖွဲ့နှင့်မှ သက်ဆိုင်ထားခြင်းမရှိကြောင်း နားယေးကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့ ၆ ယောက်က ဘယ်တပ်ဖွဲ့နဲ့မှ မသက်ဆိုင်ဘူး။ သူတို့က သာမန်ပြည်သူတွေပဲ။ လာဖမ်းတုန်းက သူတို့ကို လာပြပေးဖို့ဆိုပြီး လာခေါ်သွားတာ။ အခုချိန်ထိ သူတို့ ၆ ယောက် ပြန်လာသေးတာမတွေ့ရသေးဘူး” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအချိန်ထိ TNLA မှ ဖမ်းဆီးသွားသည့် အရပ်သား (၆) ဦးကို မည်သည့်နေရာ ခေါ်ဆောင်သွားသည်ကို မသိရှိရကြောင်း၊ မိသားစုဝင်များလည်း စိတ်ပူနေကြကြောင်း သိရသည်။

“ဖမ်းသွားတဲ့လူတွေထဲက (၅) ဦးကတော့ အသက် (၃၀) အောက်ပါ။ ကျန်တစ်ယောက်က အသက် (၅၅) နှစ်ပါ။ သူတို့ရဲ့ မိသားစုဝင်တွေက စိတ်ပူနေကြတယ်။ ဘယ်နေရာဆိုတာသိရရင်တော့ စိတ်အေးတာပေါ့” နားယေပြည်သူ တစ်ဦးက ဆိုသည်။

ထို နားယေးကျေးရွာခံပြည်သူ ၆ ဦးဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်သွယ်ရာတွင် စက်ပိတ်ထားသည်။

အလားတူ နမ္မတူမြို့နယ် ရေအိုးကျေးရွာ အမျိုးသားတစ်ဦးကို မေလ ၃၀ ရက်နေ့တွင် TNLA မှ ဖမ်းဆီးသွားပြီး လက်ရှိတွင် ကျန်းမားရေးအခြေနေ စိုးရိမ်နေရကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...