ရန်ကုန်မြို့တွင် အခြေစိုက်ထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) (ကျားခေါင်း) ပါတီကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း စုံစမ်းသိရသည်။
ဇွန် (၁၀) ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိ၊ မရှိနှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသည့် ပြဌာန်းချက်များနှင့် ငြိစွန်းမှု ရှိ၊မရှိကို လာရောက်စစ်ဆေးမေးမြန်းကြောင်း သိရသည်။
လာရောက်စစ်ဆေးသည့်အထဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းများဖြစ်သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်ကြောင်း သိရသည်။
“SNLD မှ ပါတီဝင်များ အမတ်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ အဆက်အသွယ်ရှိ/မရှိ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့) တွေက မေးမြန်းခဲ့ပါတယ်” ဟု SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။
ရန်ကုန်အခြေစိုက် SNLD ပါတီရုံးခန်းအပြင် ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။







