တောင်ကြီးမြို့ ဓာတ်ပုံဆရာတစ်ဦးကို ညသန်းခေါင်ချိန် စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးသွား

တောင်ကြီးမြို့ ဓာတ်ပုံဆရာတစ်ဦးကို ညသန်းခေါင်ချိန် စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဈေးပိုင်းရပ်ကွက် နေထိုင်သည့် ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီမှ ယမန်နေ့ (ဇွန် ၃) ရက် ညသန်းခေါင်ချိန်၌ ရိုက်နှိက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညသန်းခေါင် (၁၂) နာရီချိန်တွင် စစ်ကောင်စီအုပ်စုသည် ဓာတ်ပုံဆရာ ခွန်အောင်ဆန်း (ကိုမင်းဇာနည်) ၏နေအိမ်ထိ ကား (၆) စီး၊ လူအင်အား (၂၀) ဝန်းကျင်တို့ဖြင့် ရောက်ရှိလာပြီး၊ ဓာတ်ပုံဆရာကို ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထိုဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ည ၁၂ နာရီအချိန်မှာ လာဖမ်းတာ။ အိမ်ကို ကား (၆) စီး၊ အင်အား (၂၀)လောက်ရှိမယ်။ ဘာကြောင့်ဖမ်းလဲမသိဘူး။ ရိုက်ပြီးဖမ်းသွားတာ” ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။

ဓာတ်ပုံဆရာ ခွန်အောင်ဆန်းကို လာရောက်ဖမ်းဆီးချိန်တွင် ၎င်း၏ မိသားစုဝင်များကိုလည်း စစ်ကောင်စီမှ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“သူတို့အိမ်မှာက ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်။ သူရဲ့အမေကိုလည်း ရိုက်တယ်။ ပြီးတော့ သူအမ၊ ညီမနဲ့ ပြီးတော့ ယောင်္ကျားလေးတစ်ယောက်ပါ ရိုက်ခံရတယ်။ ယောင်္ကျားလေးရဲ့ မျက်နှာနဲ့ ခြေထောက်ရောင်နေတယ်” ဟု အထက်ပါ မျက်မြင်တွေ့ရှိသူက ဆက်ပြောပြသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သော်လည်း ညနက်ချိန်တွင် စစ်ကောင်စီမှ ပြည်သူများကို နေအိမ်ထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိနေသည်။

ထိုသို့ အာဏာသိမ်းစစ်ကောင်စီတို့မှ ညမထွက်ရအမိန့်ကိုထုတ်ပြီး ၎င်းတို့ကိုယ်တိုင် ချိုးဖောက်နေသောကြောင့် အယုံကြည်လုံးဝမရှိကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ထုတ်ပြီးသူတို့ကပဲ ပြည်သူတွေကို လိုက်ဖမ်းနေတယ်။ တအားယုတ်မာတာ။ သူတို့လုပ်ရပ်တွေက ခွင့်လွှတ်ပေးလို့ရတဲ့လုပ်ရပ်မဟုတ်ဘူး။ ကျနော်တို့ပြည်သူတွေက ညကော မနက်ကော သတိထားနေရတယ်။ စိုးရိမ်းစိတ်နဲ့နေရတယ်” ဟု တောင်ကြီးမြို့ Generation Z လူငယ်တစ်ဦးက ပြောသည်။

အလားတူ ယမန့်နေ့ညတွင် တောင်ကြီးမြို့ပေါ်တွင် ဖမ်းဆီးခံရသူစုစုပေါင်း (၇) ဦးရှိကြောင်း ဒေသခံများက သတင်းပေးပို့ချက်အရ သိရသည်။

သို့သော် သျှမ်းသံတော်ဆင့်သတင်းဌာနအနေဖြင့် ခွန်အောင်ဆန်းတဦးမှလွှဲပြီး ကျန်ဖမ်းဆီးခံရသည့်သူများကို လိုက်လံမေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန် (၃) ရက်ထိ စစ်ကောင်စီမှ ပြည်သူ (၈၄၅) ဦးကိုသတ်ဖြတ်ပြီး ဖမ်းဆီးထားသူ စုစုပေါင်း (၅၆၅၂) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး (AAPP) ထုတ်ပြန်ချက်အရ သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...