ဆီဆိုင်တပ်နယ်မြေဧရိယာအတွင်း မိုင်းများထောင်မည်ကို ဒေသခံများ စိုးရိမ်မှုဖြစ်နေ

ဆီဆိုင်တပ်နယ်မြေဧရိယာအတွင်း မိုင်းများထောင်မည်ကို ဒေသခံများ စိုးရိမ်မှုဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တပ်ပိုင်နယ်မြေဧရိယာအတွင်း မိုင်းများထောင်ထားမည်ဆိုသည့်သတင်းကြောင့် ဒေသခံများစိုက်ပျိုးရေး လုပ်ဆောင်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇွန် (၃) ရက်မှစပြီး အာဏာသိမ်းစစ်ကောင်စီသည် တပ်နယ်မြေအတွင်း တပ်ပိုင်ဧရိယာများ မိုင်းထာင်ထားသဖြင့် ဖြတ်သန်းသွားလာခြင်း မပြုရန် အသိပေးကြေညာချက်ထုတ်ခဲ့သည်။

“မိုင်းထောင်ထားတယ်လို့တော့ ကြားရတယ်။ တကယ်ဟုတ်မဟုတ်တော့ မသိရဘူး။ အဲ့နေရာတွေက တောင်သူတွေစိုက်ပျိုးတဲ့ မြေယာတွေဖြစ်တယ်။ စိုက်ပျိုးရာသီလည်း ရောက်ပြီဆိုတော့ အခက်ခဲဖြစ်နေမှာပေါ့” ဟု ဆီဆိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ပိုင်မြေအဖြစ် အမှတ် (၄၂၃) ခြေမြန်တပ်ရင်း၊ အမှတ် (၄၂၄) ခြေမြန်မတပ်ရင်းနှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဆွယ်တို့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၁) စစ်ဗျုဟာ၏ မြေဧက (၃၀၀) တို့တွင် တိုက်မိုင်း၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်းနှင့် စွန့်လွှတ်မိုင်းများ တပ်ဆင်ထားမည်ဟု စစ်ကောင်စီမှ အသိပေးထားကြောင်း ထုတ်ပြန်ထားသည်။

“စိုက်ပျိုးရာသီဆိုတော့ အရင်နှစ်လိုပဲ လာစိုက်မှာစိုးလို့နေမှာ၊ တောင်သူတွေက ခြံမှမစိုက်ရင် စားဖို့မရှိဘူးလေ၊ အရင်နှစ်ကဆိုရင် တောင်သူတွ လာစိုက်လို့ထွန်စက်တွေ သိမ်းသွားတာလည်းရှိတယ်၊ အခုလည်း မစိုက်ရဲအောင် လုံခြုံရေးအရပါလို့ပြောပြီး တောင်သူတွေမလာရဲအောင် မိုင်းထောင်တာနေမှာပေါ့” လို့ အမည်မဖော်လိုသည့် ဆီဆိုင်မြို့ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တချို့ ကျေးရွာဒေသခံများသည် တပ်ပိုင်နယ်မြေကိုဖြတ်ပြီး ရေခပ်၊ ဈေးသွားခြင်းကို ပြုလုပ်နေရသဖြင့် ဒေသခံများအနေဖြင့် ထိုလမ်းကို အသုံးပြုရန် စိတ်ပူနေရကြောင်း သိရသည်။

“ကောင်တောင်ရွိုးရွာက ရေခပ်သွား၊ ဈေးသွားရင် ဧကသုံးရာ (စစ်ဗျူဟာ၏ မြေဧက၃၀၀) နားက လမ်းကနေဖြတ်သွားရတယ်၊ တကယ်လို့မိုင်းထောင်ရင် အဲ့ရွာအတွက် စိတ်ပူရတယ်၊ ပြီးတော့ အခုက ကျောင်းပိတ်ရက်တွေဆိုတော့ ကလေးတွေက နေ့တိုင်း မှိုထွက်ရှာတယ်၊ ကလေးတွေအတွက်လည်း စိတ်ပူရတယ်” လို့ အမည်မဖော်လိုသည့် နောက်ထပ်ဒေသခံတစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။

အဆိုပါ တပ်ပိုင်ဧရိယာများ အနီးပတ်ဝန်းကျင်တွင်လည်း ဒေသခံများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုကြရန်နှင့် ဖြတ်သန်းသွားလာပါက ဖြစ်လာသည်များကို တာဝန်ယူမည်မဟုတ်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးထားသည်ဟု သိရသည်။

မေ (၂၉) ရက်တွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကိုဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်အပြီးတွင် ဆီဆိုင်မြို့အနီးတဝှက်တွင် ပြည်သူ့စစ်အဖြစ် ရပ်တည်နေသော (PNO) အင်အားဖြည့်တင်းလာကြောင်း ဆီဆိုင်ဒေသခံများက ပြောဆိုကြသည်။

ဆီဆိုင်မြို့တွင် ပအိုဝ့်အမျိုးသားအစည်းအရုံး (PNO) ထိန်းချုပ်နယ်မြေထဲ ပါဝင်နေသည့်အတွက် စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုက်ခိုက်နှိမ့်နင်းမည်ဆိုပါက PNO ကိုသာ ညွှန်ကြားတိုက်ခိုက်ခိုင်းမည်ဟု သတင်းရရှိသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...