သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲမရပ်တန့်ပါက နောင်နှစ်အတွက် ပြည်သူများ စားဝတ်နေရေး ပိုခက်ခဲလာနိုင်ကြောင်း စုံစမ်းသိရသည်။
အဆိုပါ စစ်ဘေးရှောင် (၅၀၀၀) ကျော်သည် သျှမ်းမြောက် ကျောက်မဲမြို့နယ်၊ နမ္မတူမြိုု့နယ်နှင့် သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်သူများဖြစ်သည်။
ယခုကာလသည် စိုက်ပျိုးရေးလုပ်ရမည့် ရာသီချိန်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် တိုက်ပွဲများရပ်တန့်ပေးရန်၊ မိုင်းများရှင်းလင်းပေးရန်နှင့် ဖမ်းဆီးခံထားရသည့် ပြည်သူများကိုပြန်လွှတ်ပေးရန် စစ်ဘေးရှောင် (၅၀၀၀) ကျော်က ယနေ့ (မေ ၃၁) ရက်စွဲဖြင့် စာထုတ်တောင်းဆိုထားကြသည်။
“ဒီချိန်လယ်ယာပြန်မလုပ်ရရင် အခက်ခဲတွေ အများကြီးရှိလာနိုင်တယ်။ ပုံမှန်ဆို ဒီချိန်က ပြောင်းဖူး၊ မြေပဲ၊ စပါးတွေ စိုက်နေရပြီးလေ။ ဒီနှစ်က သူတို့တိုက်ပွဲတွေကြောင့် ကျမတို့ပြည်သူတွေ နေအိမ်ကို မပြန်နိုင်သေးဘူး။ စစ်ဘေးရှောင်လာတာ ၂ လကျော်လာပြီ။ အလုပ်သွားလုပ်ရင်လည်း မိုင်းနင်းမိမှာကြောက်ရတယ်” ဟု နမ္မတူမြို့နယ် ပန်လုံးကျေးရွာ စစ်ဘေးရှောင်ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
မြေမြုပ်မိုင်းကြောင့် ပြည်သူများ ခြံ၊လယ်ယာမြေများကိုသွားရာတွင် မိုင်းနင်းမိပြီး သေဆုံးသူ (၄) ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးရှိကြောင်း၊ ထို့အပြင် ကျွဲ၊ နွားများပါ မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်း နမ္မတူမြို့နယ် မန်စံကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ကျွဲ၊ နွားတွေ မိုင်းနင်းမိလို့သေတာလည်းရှိတယ်။ ဘယ်နှကောင်သေသွားလဲ ဘယ်လောက်ရှိလဲတော့ မသိရဘူး။ လူလည်းအတူပဲ မိုင်းနင်းလို့သေတာဆို ကျနော်သိရသလောက်တော့ သေဆုံးတာ ၄ ယောက်လောက်ရှိနေပြီး။ ဒဏ်ရာရရှိထားတာလဲ ၃ ယောက် ၄ ယောက်လောက်ရှိတယ်။ ခုထိဆေးရုံးကနေမဆင်းရသေးဘူး” ဟု မန်းစံကျေးရွာတွင်နေထိုင်သည့် အမျိုးသားက ဆိုသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်း အချင်းချင်းတိုက်ခိုက်ဖြစ်ပွားမှုကြောင့် ပြည်သူများ ဖမ်းဆီးခံထားရမှုလည်းရှိကြောင်း သိရသည်။ သို့သော် မည်သည့်အဖွဲ့စည်းက ဖမ်းဆီးသွားကြောင်းမသိရပေ။
“ဖမ်းခံရတာက (၅) ယောက်လောက်ရှိမယ်။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲတော့မသိဘူး။ အချင်းချင်းပြိုကွဲစေချင်လို့ မဟုတ်ဘူး။ TNLA ဖက်က ဖမ်းတာလည်းရှိတယ်။ သျှမ်းတပ်ဘက်က ဖမ်းတာလည်းရှိတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ SSPP/SSA၊ TNLA တို့ တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူများ ၅၀၀၀ ကျော်စစ်ဘေးသင့်နေပြီး ၂ လကျော် နေရပ်ကိုမပြန်နိုင်သေးကြောင်းသိရသည်။
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စစ်ဘေးရှောင်းပြည်သူ (၃၅၀၈)၊ ကျောက်မဲမြို့နယ်တွင် (၃၈၀) ဦးနှင့် နမ္မတူမြို့နယ်တွင် (၁၄၅၁) ဦးရှိကြောင်း သိရသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်းအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ ၅ ရွာရှိ ပြည်သူနေအိမ် ၁၁၇ အိမ် မီးလောင်ဆုံးရှုံးသွားခဲ့ကြရသည်။
ထိုသို့ စစ်ဘေးရှောင်းပြည်သူများက ၎င်းတို့၏ ရင်ဆိုင်နေရသော ဒုက္ခများကို ဖြေလျော့နိုင်ရန်အတွက် တိုက်ပွဲများကို ရပ်တန့်ပေးရန်၊ နေရပ်ကို လုံလုံခြုံခြုံဖြင့် အမြန်ဆုံးပြန်နိုင်ရန်၊ ဖမ်းဆီးခံထားရသော ပြည်သူများကို ပြန်လွတ်ပေးရန်၊ မိုင်းများကို ရှင်းလင်းပေးရန်နှင့် လူသားချင်းစာနာ အထောက်အထားအကူညီများကို ထိရောက်စွာ ကူညီပံ့ပိုးပေးရန်အတွက် ပြည်သူများက တောင်းဆိုလိုက်သည်။
ယမန့်နေ့ (မေ ၃၀) ရက်တွင်လည်း ဂျပန်ရောက် သျှမ်းလူငယ်များကွန်ယက် Tai Youths Network Japan မှ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မီတခဲတောင်ပေါ်တက်၍ သျှမ်းစစ်တပ် ၂ တပ် RCSS နှင့် SSPP တို့ တိုက်ပွဲများကိုရပ်တန့်ပေးရန်၊ သျှမ်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်၊ သျှမ်းစစ်တပ် ၂ တပ်ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ထုတ်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။







