မိုင်းရယ်စာသင်ကျောင်းအနီး (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲ

မိုင်းရယ်စာသင်ကျောင်းအနီး (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းရယ်မြို့တွင် စာသင်ကျောင်းအနီးတွင် (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲသဖြင့် ကျောင်းလာအပ်သည့် ကျောင်းသားမိဘများ မတွေ့ရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ်မြို့ ဟိုယကျေးရွာအုပ်စုရှိ အထကခွဲ စာသင်ကျောင်းတွင် ယနေ့ မေ (၂၇) ရက် မနက် ၅ နာရီခန့်တွင် ကျောင်းတံခါးအဝင်နားတွင် ဗုံးပေါက်ကွဲသဖြင့် ယနေ့မနက် ကျောင်းလာအပ်သည့် ကျောင်းသားမိဘများနှင့် ပညာရေးဝန်ထမ်းများ မတွေ့ရကြောင်း ဟိုယကျေးရွာအုပ်စု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီမနက် ကျောင်းတံခါးအဝင်ဝမှာ ဗုံးပေါက်တော့ ကျောင်းလာအပ်တဲ့သူကော ဆရာ၊ ဆရာမကော ကျောင်းလာတာမတွေ့တော့ဘူး။ ဗုံးမပေါက်ခင် တရက်ကတော့ စစ်တပ်အသိုင်းအဝိုင်းက ကျောင်းသားမိဘတွေ ကလေးတွေကို ကျောင်းလာအပ်တာတွေရှိတယ်။ ပြည်သူတွေတော့ သွားမအပ်ကြဘူး” ဟု ဟိုယကျေးရွာအုပ်စု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဟိုယကျေးရွာအုပ်စုရှိ အထကခွဲကျောင်းသည် စစ်ကောင်စီမှဖိအားပေးကာ ကျောင်းများဖွင့်လှစ်ခိုင်းခြင်း၊ (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများလည်း Non - CDM အဖြစ်သို့ ကူးပြောင်းလားခြင်းလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

“စစ်ကောင်စီမှ ဖိအားပေးဖွင့်ခိုင်းတာရှိတယ်။ တစ်ချို့ကျောင်းသားမိဘတွေတော့ အခြေနေကြည့်နေသေးတယ် ကလေးတွေကို သွားမအပ်ကြသေးဘူး” ဟု ဟိုယကျေးရွာအုပ်စု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့ မေ (၂၆) ရက်ည ၉ နာရီခွဲခန့်တွင်လည်း မိုင်းရယ်မြို့ရှိ အထက ကျောင်းတံခါးမှာ ဗုံးတစ်လုံးပေါက်ကွဲသဖြင့် ယနေ့တွင် ကျောင်းလာအပ်သည့် ကျောင်းသားများ မတွေ့ရကြောင်း ပညာရေးဝန်ထမ်း (၃) ဦးခန့်သာတွေ့ရကြောင်း မိုင်းရယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ ကျနော်တို့ သွားကြည့်တာ ကျောင်းလာအပ်တဲ့ ကျောင်းသားတွေ မတွေ့ရဘူး။ ဆရာ/ဆရာမ (၃) ဦး (၄) ဦးလောက်ပဲ ကျောင်းဝန်းမှာ တွေ့ရတယ်။ အရင်ရက်တွေလည်း ကျောင်းလာအပ်တဲ့သူတွေ သိပ်မရှိပါဘူး” ဟု မိုင်းရယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းရယ်မြို့ရှိ ပညာရေးဝန်ထမ်းများလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း (CDM) ဘက် ပါဝင်လာသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...