မိုင်းရယ်စာသင်ကျောင်းအနီး (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲ

မိုင်းရယ်စာသင်ကျောင်းအနီး (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းရယ်မြို့တွင် စာသင်ကျောင်းအနီးတွင် (၂) ရက်ဆက်တိုက် ဗုံးပေါက်ကွဲသဖြင့် ကျောင်းလာအပ်သည့် ကျောင်းသားမိဘများ မတွေ့ရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ်မြို့ ဟိုယကျေးရွာအုပ်စုရှိ အထကခွဲ စာသင်ကျောင်းတွင် ယနေ့ မေ (၂၇) ရက် မနက် ၅ နာရီခန့်တွင် ကျောင်းတံခါးအဝင်နားတွင် ဗုံးပေါက်ကွဲသဖြင့် ယနေ့မနက် ကျောင်းလာအပ်သည့် ကျောင်းသားမိဘများနှင့် ပညာရေးဝန်ထမ်းများ မတွေ့ရကြောင်း ဟိုယကျေးရွာအုပ်စု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီမနက် ကျောင်းတံခါးအဝင်ဝမှာ ဗုံးပေါက်တော့ ကျောင်းလာအပ်တဲ့သူကော ဆရာ၊ ဆရာမကော ကျောင်းလာတာမတွေ့တော့ဘူး။ ဗုံးမပေါက်ခင် တရက်ကတော့ စစ်တပ်အသိုင်းအဝိုင်းက ကျောင်းသားမိဘတွေ ကလေးတွေကို ကျောင်းလာအပ်တာတွေရှိတယ်။ ပြည်သူတွေတော့ သွားမအပ်ကြဘူး” ဟု ဟိုယကျေးရွာအုပ်စု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဟိုယကျေးရွာအုပ်စုရှိ အထကခွဲကျောင်းသည် စစ်ကောင်စီမှဖိအားပေးကာ ကျောင်းများဖွင့်လှစ်ခိုင်းခြင်း၊ (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများလည်း Non - CDM အဖြစ်သို့ ကူးပြောင်းလားခြင်းလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

“စစ်ကောင်စီမှ ဖိအားပေးဖွင့်ခိုင်းတာရှိတယ်။ တစ်ချို့ကျောင်းသားမိဘတွေတော့ အခြေနေကြည့်နေသေးတယ် ကလေးတွေကို သွားမအပ်ကြသေးဘူး” ဟု ဟိုယကျေးရွာအုပ်စု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့ မေ (၂၆) ရက်ည ၉ နာရီခွဲခန့်တွင်လည်း မိုင်းရယ်မြို့ရှိ အထက ကျောင်းတံခါးမှာ ဗုံးတစ်လုံးပေါက်ကွဲသဖြင့် ယနေ့တွင် ကျောင်းလာအပ်သည့် ကျောင်းသားများ မတွေ့ရကြောင်း ပညာရေးဝန်ထမ်း (၃) ဦးခန့်သာတွေ့ရကြောင်း မိုင်းရယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ ကျနော်တို့ သွားကြည့်တာ ကျောင်းလာအပ်တဲ့ ကျောင်းသားတွေ မတွေ့ရဘူး။ ဆရာ/ဆရာမ (၃) ဦး (၄) ဦးလောက်ပဲ ကျောင်းဝန်းမှာ တွေ့ရတယ်။ အရင်ရက်တွေလည်း ကျောင်းလာအပ်တဲ့သူတွေ သိပ်မရှိပါဘူး” ဟု မိုင်းရယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းရယ်မြို့ရှိ ပညာရေးဝန်ထမ်းများလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း (CDM) ဘက် ပါဝင်လာသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...