နမ့်လန်အတွင်း စစ်ရေးတင်းမာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

နမ့်လန်အတွင်း စစ်ရေးတင်းမာနေသေးသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့အနီး စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀၀) ကျော် နေရပ်သို့မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ မေ (၁၉) ရက်က နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင်များ နမ့်လန်မြို့သို့ ထွက်ပြေးလာခဲ့ကြောင်း သတင်းရရှိသည်။

“လက်ရှိ တိုက်ပွဲတော့ မဖြစ်တော့ဘူး။ နှစ်ဖက် စစ်ရေးတင်းမာတာတွေတော့ ရှိတယ်။ ရွာထဲစစ်သားတွေရှိသေးတော့ သူတို့ မပြန်ရဲကြသေးဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ဘေးရှောင်များသည် နမ့်လန်မြို့နယ်အတွင်းရှိ နောင်နိမ်းကျေးရွာ၊ ဝမ်စိမ်းကျေးရွာ၊ ဝမ်လီကျေးရွာ နှင့် စိုင်းယု (ဂိုသောင်) တို့တွင် ခိုလှုံနေရကြောင်း သိရသည်။

“စားသောက်ရေးပိုင်းကတော့ လုံလောက်ရုံပဲ။ ဒီထက်တိုက်ပွဲကြာသွားရင်တော့ ရှမ်းတိုင်းရင်းသားတွေ ဒုက္ခရောက်မှာကြောက်တယ်။ ခုက စီးပွားရေးမကောင်းတော့ ရေရှည်အတွက်လည်း စားသောက်ရေးပိုင်း ခက်ခဲလာမယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တိုက်ပွဲကြောင့် နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအုပ်စု ဝမ်စိမ်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည့် စစ်ရှောင်များသည် ကောင်းခမ်းရွာ၊ ပန်ဆိမ်ရွာ၊ စံကားရွာ၊ ကုံးမုံရွာ၊ ဟိုနမ့်ရွာ၊ ဝမ်တပ်ရွာ၊ ကုံးရုံးရွာနှင့် ကုံးညုရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲရပ်တန့်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသည့်အချိန်ဖြစ်သဖြင့် လက်နက်ကိုင်များအချင်းချင်း တွေ့ဆုံဆွေးနွေးပြီး တိုက်ပွဲအမြန်ရပ်ပေးစေလိုကြောင်း စစ်ဘေးရှောင်များက ပြောဆိုလိုက်သည်။

“တိုက်ပွဲဖြစ်ရင် ပြည်သူတွေက အရမ်းဒုက္ခရောက်တယ်။ အလုပ်တွေမလုပ်ရဘဲ ပြေးနေတယ်။ အလုပ်မလုပ်ရတော့ ဘာတွေနဲ့လာစားသောက်မလဲ” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နမ့်လန်မြို့ ဝမ်စိမ်းကျေးရွာအနီးတွင် ယမန်နေ့ မေ (၁၉) ရက် မနက် (၅) နာရီမှစတင်ကာ RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေးတင်းမာနေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...