သီပေါလူငယ်များနှင့် စစ်ရှောင်ပို့ရန်ရိက္ခာများကို စစ်ကောင်စီ ဖမ်းဆီးသိမ်းဆည်းထား

သီပေါလူငယ်များနှင့် စစ်ရှောင်ပို့ရန်ရိက္ခာများကို စစ်ကောင်စီ ဖမ်းဆီးသိမ်းဆည်းထား

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ရိက္ခာပို့ရန်ပြင်ဆင်နေသည့်သူများနှင့် ပစ္စည်းများကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မေ (၁၉) ရက်နေ့တွင် ပန်သပြေရှိ စစ်ရှောင်စခန်းများအတွက် ကားဖြင့် ရိက္ခာများပို့ရန်အတွက် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီအုပ်စုက ၎င်းကား (၃) စီးပေါ်ရှိ ရိက္ခာများကို မသင်္ကာသဖြင့် ရိက္ခာတင်ထားသည့်ကားနှင့် ကားဆရာအပါအဝင် လူငယ် (၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“သူတို့စလာဖမ်းချိန်က မေးစရာလေးတွေရှိလို့၊ ကားပေါ်မှာ ဘာတွေဘာတွေလဲ၊ မသင်္ကာတဲ့ပုံစံမျိုးနဲ့ ဖမ်းတယ်။ စစ်ပြီးတော့ ပြန်လွှတ်ပေးမယ်လို့တော့ ပြောတာပေါ့နော်။ မနေ့ညကတည်းက ကားပေါ်မှာပါတဲ့ ပစ္စည်းအကုန်ချပြီးတော့ ပစ္စည်းတွေစစ်တယ်” ဟု သီပေါဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ (၁၀) ဦးကို သီပေါမြို့ရှိ နယ်မြေခံ (၂၃) တပ်မှာ စစ်ဆေးပြီး ယနေ့မနက်တွင် သီပေါရဲစခန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဒီနေ့ လွှတ်ဖို့တော့ရှိတယ်။ တပ်ထဲကနေ အခု စခန်းရောက်နေပြီ အုပ်ထိန်းသူက လာထုတ်ပေးရင် ပြန်လွှတ်ပေးမယ်လို့ပြောတယ်။ ပြောတုန်း ကတော့ ရိက္ခာတွေပြန်ပေးမယ်လို့တော့ ပြောတယ်၊ ယူသွားတဲ့အတိုင်း ပါလား၊ မပါလား တစ်ချက်ပြန်ကြည့်ရမယ်” ဟု သီပေါဒေသခံတစ်ဦး က ပြောသည်။

ပန်သပြေရွာတွင်ရှိသည့် စစ်ရှောင်စခန်းကို အလှူရှင်များလှူဒါန်းလာသည့်ပစ္စည်းများအား သွားရောက်ပို့ဆောင်ရန်အတွက် ပြင်ဆင်နေချိန် စစ်ကောင်စီက မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

သီပေါမြို့တွင် ယခုရက်ပိုင်းအတွင်း ဆန္ဒပြလူငယ်များကို စစ်ဗျုဟာမှူးကိုယ်တိုင် လိုက်လံဖမ်းဆီးစစ်ဆေးမှုပြုလုပ်နေကြောင်း၊ တင်းကြပ်မှုရှိနေကြောင်း သီပေါဒေသခံများက ပြောသည်။

“ဘယ်သူ့ကိုဖမ်းမယ်၊ ဘယ်ကိုသွားမယ်ဆိုတာ နယ်မြေခံရဲတွေ၊ တပ်တွေကို အသိမပေးတော့ပဲနဲ့ ဗျူဟာမှူးကိုယ်တိုင် လှုပ်ရှားနေတယ်။ ပြည်သူတွေ တော်တော်များများကလည်း ဘယ်သူ့ကိုလာဖမ်းမယ်၊ ဘယ်ချိန်ဝင်ဖမ်းမယ်ဆိုတာ စိုးရိမ်စိတ်နဲ့ နေကြတယ်” ဟု သီပေါလူငယ်တစ်ဦးကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲကြောင့် သီပေါမြို့နယ်တွင် နမ္မတူဘက်မှရောက်လာသည့် စစ်ဘေးရှောင်နှင့်  နမ့်လန်ဘက်မှရောက်ရှိလာသည့် စစ်ဘေးရှောင် စုစုပေါင်း (၂၀၀၀) ခန့်ရှိကြောင်း သိရသည်။

ထိုစစ်ရှောင်များအတွက် စားနိပ်ရိက္ခာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ အထူးလိုအပ်နေကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...