မဒန်ယန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ နယ်မြေမှ တပ်စခန်းတစ်ခုကို စစ်တပ်က လေယာဉ် (၅) စီးဖြင့် ပစ်ခတ်တိုက်ခိုက်

မဒန်ယန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ နယ်မြေမှ တပ်စခန်းတစ်ခုကို စစ်တပ်က လေယာဉ် (၅) စီးဖြင့် ပစ်ခတ်တိုက်ခိုက်
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေတပ်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ညက လေယာဉ် (၅) စီးဖြင့် လာရောက်ပစ်ခတ်သွားကြောင်း မံစီဒေသခံများပြောဆိုချက်မှ သိရသည်။

 

မေ ၁၅ ရက် ညသန်ခေါင် ၁၂ နာရီခန့် KIA တပ်ရင်း ၂၇ မဒန်ယန်ကျေးရွာ တပ်စခန်းကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ မံစီဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

 

“ည ၁၂ နာရီ လောက်မှာဟုတ်တယ်။ စစ်တပ်ဘက်က လေယာဉ် ၅ စီးနဲ့ လာပစ်သွားတယ်။ လေယာဉ်က ဗုံးကြဲတာလည်း မျက်စိနဲ့ တမ်းမြင်ခဲ့ရတယ်။ အဲ့မှာ KIA ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်ထင်တယ်။ နာရီဝက်လောက် တိုက်ပွဲပြန်ဖြစ်ကြတယ်” ဟု ၎င်းက ပြောသည်။

 

မဒန်ယန်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၁၁ ရက်ခန့်ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း စစ်အင်အား ၂၀၀ ခန့် ပြန်လည်အားဖြင့်လာသောကြောင့် ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

 

မေ ၁၅ ရက်ညသန်းခေါင်တွင် ဂျက်လေယာဉ်ငါးစီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် မေ ၁၆ ရက် နံနက် ၈ နာရီခန့်မှ စတင်၍ လက်နက်ကြီးများဖြင့်လည်း ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

 

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ် KIA တပ်မဟာ ၅ အလော့ဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် စစ်အင်အားအလုံးအရင်း သွားရောက်ပို့ဆောင်ထားပြီးနောက် မေ ၁၁ ရက်တွင် KIA က မံစီမြို့နယ်မှ အာဏာသိမ်းစစ်တပ်၏ စခန်းများကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...