တပ်မဟာ (၅) နယ်မြေဘက်သို့ နယ်ခြားစောင့်တပ်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း KNU ဆို

တပ်မဟာ (၅) နယ်မြေဘက်သို့ နယ်ခြားစောင့်တပ်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း KNU ဆို

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာကူညီပို့ဆောင်ပေးရန် KNU - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေဘက်သို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း တပ်မဟာ (၅) ဘက်က ပြောသည်။

တပ်အင်အားမလုံလောက်မှုနှင့် ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ခံထားရသည့် တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ ရိက္ခာများ ကူညီပို့ဆောင်ပေးရန် BGF တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်းမှစပြီး ကမာမောင်းမြို့သို့ အင်အား ၅၀၀ ကျော် ရှောက်ရှိနေသည်ဟု KNU တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောသည်။

၎င်းက “ပြီးခဲ့တဲ့တစ်ပတ်က ကျနော်တို့သတင်းရတာက စစ်တပ်နဲ့အတူ သူတို့ အင်အား ၁၅၀ လောက် တက်လာတယ်လို့ကြားတယ်။ မနေ့ကလည်းပဲ အင်အား (၄၀၀) လောက် ထပ်တက်လာတယ်လို့ သတင်းရတယ်။ ဒါကြောင့် ဒီမှာ ၅၅၀ လောက်ရှိတာပေါ့။ ဒီဘက်မှာတော့ စစ်တပ်အတွက် ရိက္ခာပို့ဖို့အတွက် ကူညီပေးတာပေါ့။ တချို့ကျတော့ တပ်မဟာ (၁) ဘက်ကိုတက်သွားပြီး စစ်တပ်နဲ့ သွားပူးပေါင်းတာမျိုး လုပ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ကမာမောင်းမှနေ၍ ဖာပွန်အထိ ၎င်းမှတဆင့် ၎င်းတို့အခြေစိုက်စခန်းများအထိ ရိက္ခာပို့ပေးရန် BGF ကို ညွှန်ကြားမှုမျိုးရှိကြောင်းနှင့် ယခင်လများက KNU ဘက်မှ သိမ်းယူထားသည့် စစ်ကောင်စီတပ်စခန်းများကို ပြန်လည်သိမ်းယူပေးရန် သတင်းများထွက်ပေါ်နေကြောင်းလည်း ဒု-ဗိုလ်မှူးကြီးစောကလယ်ဒို့က ဆက်ပြောသည်။

ယခုရောက်ရှိလာသည့် BGF တပ်ဖွဲ့ဝင်များကို မည်သူဦးဆောင်ပြီး မည်သည့်တပ်ရင်း တပ်ဖွဲ့ဝင်များဖြစ်ကြောင်းကို အသေးစိတ်မသိရှိရသေးကြောင်းနှင့် ယခင်ရှိပြီးသား အခြေစိုက်တပ်ရင်းများမှာ (၁၀၁၃) တပ်ရင်းနှင့် (၁၀၁၄) တပ်ရင်းများသာဖြစ်ပြီး လက်ရှိတွင် ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များမှာ ကမာမောင်းတွင်သာ စခန်းချရပ်နားနေသေးကြောင်း KNU က ဆိုသည်။

အဆိုပါ BGF တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့်အပတ်မှစ၍ ရောက်ရှိလာနေကြောင်း ကြားသိရသည်ဟုလည်း ကမာမောင်းဒေသခံတစ်ဦးက အတည်ပြုပြောဆိုပြီး ၎င်းတို့အနေဖြင့် အပြင်ထွက်သွားလာရန် ကြောက်ရွံ့နေသောကြောင့် ရောက်ရှိလာသည့်အင်အားနှင့် စခန်းချနေသည့်နေရာကို အတိအကျမပြောနိုင်ကြောင်း ကေအိုင်စီသို့ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ်က ၄ ရက် ၅ ရက်လောက်က သူတို့ (BGF) တက်လာတယ်လို့တော့ သတင်းကြားတယ်။ ဒါပေမဲ့ ဘယ်လောက်ရှိသလဲတော့ မသိဘူး။ ကျနော်တို့က အခုက အပြင်မထွက်ရဲဘူး။ တကယ်လို့ လိုက်သွားလို့ အပြင်မှာတွေ့ရင် ပစ်မယ်ဆိုပြီးပြောထားတယ်။ ဗုံးတွေ ထောင်ထားတာလည်းရှိတော့ လိုက်မသွားရဲဘူး” ဟု ပြောသည်။

လတ်တလောအခြေအနေအရ ဖာပွန်မြို့နှင့်အနီးတစ်ဝိုက်တွင် ခြုံခိုတိုက်ခိုက်ခံရမှုနှင့် မိုင်းနင်းပေါက်ကွဲမှုများ ကြုံတွေ့ရလျှင် စစ်ကောင်စီတပ်မှ ဒေသခံကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပြန်လည်ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း KNU ဘက်ကပြောဆိုပြီး နေ့စဉ် ပစ်ခတ်သံများကြားနေရကြောင်းလည်း ဖာပွန်မြို့အနီး ဒေသခံများက ဆိုသည်။

အလားတူ စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေသည့် KNU တပ်မဟာ (၁) ဘက်တွင်လည်း နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်များနှင့်ပူးပေါင်း၍ အလုံးအရင်းဖြင့်ရောက်ရှိနေပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း KNU တပ်မဟာ (၁) ဘက်က ပြီးခဲ့သည့် ရက်ပိုင်းများက ကေအိုင်စီသို့ ပြောဆိုထားသည်။

ကေအဲန်ယူနယ်မြေအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအချို့တွင် စစ်ကောင်စီနှင့်အတူ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ငြင်းဆိုထားသည်ဟု ယမန်နေ့ (မေလ ၃ ရက်) DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်စခန်း (၂) ခုကို KNU တပ်မဟာ (၅) ဘက်မှ တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သလို သောင်းနှင့်ချီသည့်ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်းနေခဲ့ကြရသည်။

စစ်အာဏာသိမ်းပြီးနောက် အပစ်ရပ်ဆွေးနွေးပွဲများ ရပ်တန့်သွားပြီး KNU တပ်မဟာ (၅) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား စစ်ရေးပဋိပက္ခများ ပိုမိုတင်းမာလာခဲ့ကာ KNU ဘက်မှ ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက်မှုများပြုလုပ်ခြင်းကြောင့် စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပိုတိုးလုပ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...