ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲ အရှိန်မြင့်လာ

ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲ အရှိန်မြင့်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်တပ်များက အရှိန်မြင့်တိုက်ခိုက်နေပြီး စစ်အုပ်စုဘက်မှ လေကြောင်းနှင့်လက်နက်ကြီး အပြင်းအထန်ပစ်ခတ်ခုခံနေကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ဧပြီ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် KNLA နှင့်မဟာမိတ်တပ်များက ဝေါလေဗျူဟာစခန်းကုန်းပေါ်သို့ အလုံးအရင်းလိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအပြင် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာထွက်ပြေးရသည်အထိ ရှိလာပြီးနောက် ဂျက်ဖိုက်တာနှင့်လက်နက်ကြီးအသုံးပြုပြီး ခုခံပစ်ခတ်နေသည်ဟု KNLA နှင့်မဟာမိတ်တပ်ဘက်က ပြောသည်။

"မနေ့ကမနက်အစောကြီး ပင်မစခန်းကုန်းကိုတက်လုံးတာ စစ်တပ်ဘက်ကရောကျနော်တို့ရော ထိတာ ကျတာတွေရှိတယ်။ သူတို့တပ်ဖွဲ့ဝင်တွေ စခန်းကနေထွက်ပြေးကြတာလည်းရှိတယ်။ နောက်တော့ ဖိုက်တာဂျက်နဲ့ဗုံးပတ်ကြဲလိုက် လက်နက်ကြီးပစ်လိုက်နဲ့ခုခံပြီး တစ်နေကုန်တိုက်ပွဲပြင်းထန်နေတာ" ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝေါလေဗျူဟာစခန်းကုန်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင်(၂၀)ဝန်းကျင် စခန်းစွ့န်ခွာထွက်ပြေးကြရာ အချို့ကို တော်လှန်ရေးတပ်ဖွဲက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

စစ်အုပ်စုထောက်ခံသော လှုမှုကွန်ရက်မီဒီယာများတွင်မူ ဗျူဟာကုန်းပေါ်သို့ တော်လှန်ရေးတပ်ဖွဲ့များ သာလွန်အင်အားဖြင့်တက်လာ၍ စစ်အုပ်စုဘက်က ခေတ္တဆုတ်ခွာခဲ့ရပြီးနောက် ဧပြီ(၂၆)ရက်မနက်ပိုင်းတွင် နေရာပြန်ယူထားသည်ဟု ဖော်ပြထားသည်။

တဖက်တွင်လည်း ဝေါလေဗျူဟာကုန်းမှ ဝေါလေမြို့ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည်။ ဧပြီလ(၂၄)ရက်ညနေပိုင်းက ဝေါလေသစ်စက်နေရာတွင် လက်နက်ကြီးပေါက်ကွဲခဲ့ပြီး အရပ်သား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဝေါလေစစ်ဘေးရှောင်များက ပြောသည်။

ထိုနှစ်ဦးအပါအဝင် ဝေါလေတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့်ထိခိုက်သူ အရပ်သား (၁၂)ဦးအထိ ရှိလာပြီဖြစ်သည်။ 

လတ်တလောတွင် စစ်အုပ်စုကာကင်းစခန်းငယ်များအား KNLA နှင့် မဟာမိတ်တပ်များက နယ်မြေရှင်းလင်းထိန်းချုပ်ထားနိုင်ပြီး ဗျူဟာစခန်းကို ဆက်လက်သိမ်းယူနိုင်ရေး တိုက်ပွဲပြင်းထန်နေသဖြင့် စစ်ဘေးဆက်ရှောင်နေရသည်ဟု ဒေသခံစစ်ရှောင်အချို့က ပြောသည်။

ဝေါလေရပ်ကွက်နေ အမျိုးသမီးတစ်ဦးက "မနေ့ကတစ်နေ့လုံး လေယာဉ်လာကြဲလိုက် လက်နက်ကြီးကျလိုက် ဒရုန်းတွေတက်လာလိုက် အကုန်မြင်နေရတယ် ရှမ်း(ထိုင်း)ဘက်ကမ်းကနေ။ ပစ်သံခတ်သံတွေ ဗုံးကျတဲ့မီးခိုးလုံးတွေတက်လာတာ တောင်ယာကွင်းဘက်ကနေ အကုန်မြင်နေရတယ် အိမ်ပြန်မနေရဲသေးဘူး။" ဟု ကေအိုင်စီကို‌ပြောသည်။ 

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ရာမတီး(မြဝတီ)မြို့နယ်ရှိ ဝေါလေဒေသအတွင်း တိုက်ပွဲပဋိပက္ခပြင်းထန်နေခြင်းကြောင့် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ အာဏာပိုင်များဘက်ကလည်း အရေးပေါ်တပ်လှန့် ကင်းလှည့်စစ်ဆေးမှုများရှိနေသည်။ 

ထို့အတူ တိုက်ပွဲဖြစ်ရာဘက်မှထွက်ပြေးလာသူများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ နယ်ကျော်ပါဝင်လာမှုမရှိစေရေး အသင့် အနေအထားဖြင့် စစ်ဆေးစောင့်ကြပ်မှုရှိနေကြောင်း နယ်စပ်သတင်းများမှသိရသည်။

Photo crd- CJ

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...