ဖလမ်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ပြီ

ဖလမ်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ပြီ

ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ မြေပြင်၊ ဝေဟင်ကနေ အသည်းအသန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အတည်ပြုပါတယ်။

Chinland Council / ချင်းပြည်အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Nai John Kim က “လေယာဉ်ကွင်းနဲ့ တပ်ကုန်းကိုရပြီ အလုံးစုံရတဲ့ သဘောပါ၊ အနီးအနားမှာတော့ တိုက်ပွဲတော့ ဆက်ရှိနေသေးတယ် အားလုံးပြန်ရတဲ့ အနေအထားလို့ပြောလို့ရပါတယ်” လို့ပြောပါတယ်။

စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီဖြစ်တဲ့ ဖလမ်းမြို့က ဓာတ်ပုံတွေကိုလည်း  စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဧပြီလ ၂၅ ရက်နေ့မှာ ဖော်ပြကြတာလည်းတွေ့ရပါတယ်။

ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့  စစ်အုပ်စုက စစ်ကြောင်း ၂ ခုခွဲပြီး ဗားရ်တံတားဘက်ကနေ ထိုးစစ် ၁ ကြောင်း နဲ့ ဆူရ်ဘုန်လေဆိပ်ဘက်ကို ထိုးစစ်ဆင်နေတဲ့  ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း (၂)ကြောင်းနဲ့ ဧပြီလ ၁၉ ရက်နေ့ကစလို့ အင်အားဖြန့်ပြီး မြေပြင် ၊ ဝေဟင် ထိုးစစ်အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ လောက်ကနေ စတင်ပြီး ကလေး - ဝေဘူလ ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး - သိုင်းငင်းဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထိုးလာခဲ့တာဖြစ်ပြီး ဖလမ်းမြို့နဲ့  ၁၃ မိုင်၊ ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာတွေမှာ ခြေကုတ်ယူပြီးနောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလလောက်မှာ သိုင်းငင်းဘက်ကနေ အင်အားအလုံးအရင်းနဲ့ ထပ်မံပြီး အင်အားဖြန့် ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက  ပြီးခဲ့တဲ့ ၂၀၂၅  ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် ဖလမ်းမြို့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) က ထိန်းချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့...
June 5, 2026
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ -...
June 4, 2026
စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်...
June 3, 2026
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က...