ဖမ်းဆီးခံသတင်းမီယာများအား ပြန်လွှတ်ပေးရန်နှင့် အင်တာလိုင်းများဖွင့်ပေးရေး နိုင်ငံတကာသံတမန်အဖွဲ့အစည်းများ တောင်းဆို

ဖမ်းဆီးခံသတင်းမီယာများအား ပြန်လွှတ်ပေးရန်နှင့် အင်တာလိုင်းများဖွင့်ပေးရေး နိုင်ငံတကာသံတမန်အဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံတမန်အဖွဲ့အစည်း ၁၇ ဖွဲ့မှ ယနေ့ မေလ ၃ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် စုပေါင်းသဘောထားကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

မြန်မာပြည်တွင် အခြေစိုက်ရုံးဖွင့်ထားသည့် ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုဆိုင်ရာ စသည့် သံတမန်အဖွဲ့အစည်းများက ပူးပေါင်း၍ ယနေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ထိုသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းသိမ်းရာ၌ စာနယ်ဇင်းကဏ္ဍ၏ အရေးပါအရာရောက်မှုကို လေးစားဂုဏ်ပြုအပ်ပါကြောင်း၊ မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီကျင့်သုံးသော လူမှုအသိုက်အဝန်းများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အကြွင်းမဲ့ထိန်းသိမ်းစောင့်ရှောက်ပေးကာ မကွယ်ပျောက်စေသင့်သော တရားဝင်ဖြစ် မှုရင်းမြစ်တစ်ခုလည်းဖြစ်ပါကြောင်းနှင့် စာနယ်ဇင်းသမားများအနေဖြင့် လက်တုံ့ပြန်ရန်ရှာ ခြိမ်းခြောက်ခံရမည့်အန္တရာယ်ကို ကြောက်ရွံ့စိတ်ကင်းစွာဖြင့် လွတ်လပ်မှုရှိရှိ သတင်းတင်ပြခွင့်ရှိရမည်ဖြစ်ကြောင်း ရှေးဦးစွာ ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခြင်းမှအစပြု၍ စာနယ်ဇင်းသမားပေါင်း ၈၀ ကျော် ဖမ်းဆီးခံရပြီး ထက်ဝက်ကျော်ခန့်မှာ ယခုထက်တိုင် ထိန်းသိမ်းခံထားရသလို မီဒီယာကုမ္ပဏီများအနေဖြင့် သတင်းအချက်အလက်များ ထုတ်လွှင့်ရန်သော်လည်းကောင်း၊ တင်ပြရန်သော်လည်းကောင်း ပိတ်ပင်ခံထားရပြီး ၎င်းတို့၏ လုပ်ငန်းလိုင်စင်များကိုလည်း ဖျက်သိမ်း၍ ရုံးခန်းများကိုလည်း ဝင်ရောက်စီးနင်းမှုများရှိခဲ့သည်။

၎င်းအပြင် မီဒီယာအစီအစဉ်အများစုသည် ရပ်ဆိုင်းရန် ဖိအားပေးခံရလျက်ရှိပြီး လက်ရှိ မြန်မာနိုင်ငံတွင် မည်သည့် လွတ်လပ်သောပုံနှိပ်မီဒီယာမျှ လုပ်ငန်းလည်ပတ်နေခြင်းမရှိဘဲ သတင်းလွှမ်းခြုံမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ရန် အင်တာနက်များကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ဤလုပ်ရပ်များသည် မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသော လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နိုင်ငံတကာသံတမန်အဖွဲ့အစည်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် မီဒီယာဝန်ထမ်းများအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလွတ်လပ်ခွင့်အတွက် အင်တာနက်ပိတ်ဆို့မှုများအားလုံးကို ရပ်ဆိုင်းရန် မိမိတို့တောင်းဆိုလိုက်ပါကြောင်းနှင့် မြန်မာနိုင်ငံတွင် စာနယ်ဇင်းသမားများနှင့် မီဒီယာဝန်ထမ်းများသည် ဖိနှိပ်ခံရမှုရှိနေလင့်ကစား တိကျသေချာသော သတင်းအချက်အလက်များကို လက်လှမ်းမီခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသူများ၏ အားထုတ်မှုကို ချီးကျူးဂုဏ်ပြုပါကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျကျပါဝင်သည့် လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာကဏ္ဍကို မိမိတို့အနေဖြင့် ဆက်လက် အားပေးပံ့ပိုးသွားမည်ဖြစ်သည်ဟုလည်း နိုင်ငံတကာသံတမန်အဖွဲ့အစည်း ၁၇ ဖွဲ့က ပြောသည်။

 

မြန်မာပြည်တွင်း၌ သတင်းဌာနများမှာ ဖိအားပေးခံရမှုများရှိနေသလို ယမန်နေ့ မေလ ၂ ရက်နေ့က ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ခြင်းခံရသော မြစ်ကြီးနားသတင်းဌာနအပါအဝင် သတင်းဌာန ၆ ခုနှင့် အထက်ရှိနေသည်။

၎င်းအပြင် သတင်းရယူရေးသားထုတ်ဝေမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသည့် သတင်းသမား ၄၀ ကျော်ရှိနေသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...