အကြမ်းဖက်ဥပဒေနှင့်စွဲဆိုခံထားရသူများ၏ အမှုများကို အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သဘောတူညီချက်ရရှိမှသာ ရုတ်သိမ်းနိုင်မည်ဟု ပြည်နယ်ကောင်စီပြော

အကြမ်းဖက်ဥပဒေနှင့်စွဲဆိုခံထားရသူများ၏ အမှုများကို အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သဘောတူညီချက်ရရှိမှသာ ရုတ်သိမ်းနိုင်မည်ဟု ပြည်နယ်ကောင်စီပြော

အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသူများ၏အမှုများကို မြန်မာနိုင်ငံရှိ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ရုတ်သိမ်း၍ရမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဧပြီလ(၂၆)ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

တစ်စုံတစ်ယောက်အား အကြမ်းဖက်ဥပဒေဖြင့်တရားစွဲမည်ဆိုလျှင် အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ သဘောတူညီချက်လိုအပ်ပြီး ယင်းအမှုများအား ပြန်လည်ရုတ်သိမ်းမည်ဆိုလျှင်လည်း အဆိုပါအဖွဲ့၏ သဘောတူညီမှုလိုအပ်သေးကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဥပဒေချုပ် ဦးဦးလှသိန်းက ဆိုသည်။

“အကြမ်းဖက်ဥပဒေမှာပါတဲ့ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်တယ်ဆိုပြီးတော့ တာဝန်ရှိတဲ့သူ တစ်ယောက်ယောက်က အမှုကိုတိုင်လိုက်ရုံနဲ့ တရားစွဲလိုက်ရုံနဲ့ တရားရုံးကို အမှုရောက်သွားတာမျိုး မဟုတ်ဘူး။ အဲ့လိုတရားစွဲဖို့အတွက် ဗဟိုအဖွဲ့ရဲ့သဘောတူညီချက်လိုတယ်။ ဒါကြောင့် အမှုကိုပြန်ရုတ်သိမ်းမယ် ဆိုရင်လည်း ဗဟိုအဖွဲ့ကသဘောတူတယ်ဆိုတာ ကျနော်တို့လုပ်ထုံး၊ လုပ်နည်းအရ လိုအပ်ပါတယ်။ အဲ့လို ရပြီးရင်တော့ ပြီးသွားမှာပါ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ သဘောတူညီချက်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ခွင့်ပြုချက်များကို ပြန်လည်တောင်းခံထားကြောင်းလည်း ဥပဒေချုပ် ဦးဦးလှသိန်းကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်လိုက်သည့်အတွက် ခင်ပွန်းဖြစ်သူ အပါအဝင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူများအားလုံး လွတ်မြောက်လာမည်ဟု မျှော်လင့်ခဲ့ သော်လည်း ဖြစ်မလာခဲ့သည့်အတွက် အားငယ်မိကြောင်း လက္ကာကျေးရွာမှ တရားရင်ဆိုင်နေရသူ ဦးခင်မောင်စိုး၏ ဇနီး ဒေါ်သိန်းမယေ ကပြောသည်။

“မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတော့ မိသားစုဝင်တွေက အားငယ်စိတ်ဖြစ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျမယောကျာ်းအပါအဝင် လက္ကာရွာသားတွေအကုန်လုံးက အပြစ်မရှိတဲ့ ရွာသားတွေသာဖြစ်တဲ့အတွက် တရားစွဲဖို့ခွင့်ပြုပေးလိုက်တဲ့သူတွေအနေနဲ့လည်း အမှုကိုပြန်ရုတ်သိမ်းပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ဥပဒေရေးရာအရာရှိ ဒေါ်မေသက်ခိုင်က အကြမ်းဖက်နှင့် ရင်ဆိုင်နေရ သူများ၏ အမှုများအား ပြန်မရုတ်သိမ်းပေးနိုင်သည့်အနေအထားဆိုလျှင်တောင် အမှုကိုအမြန်ဆုံး ပြီးစီးအောင် ဆုံးဖြတ်ပေးသင့်ကြောင်း ထောက်ပြပြောဆိုသည်။

“အမှုအများစုကလည်း ပြီးခါနီးတန်းလန်းကြီးဖြစ်နေတယ်။ တကယ်လို့ အမှုမရုတ်သိမ်းရင်တောင် ပြီးစီးအောင် မြန်မြန်ဆန်ဆန်နဲ့ လုပ်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ မိသားစုတွေအနေနဲ့လည်း နစ်နာသလို ကျမတို့ ရှေ့နေတွေအနေနဲ့ကလည်း အလုပ်လုပ်ရတာက ပြီးနိုးနိုးနဲ့ အမိန့်တစ်ခုချမှတ်မယ့်အပေါ်မှာ စောင့်နေရတယ်။ ဆက်လုပ်လို့လည်းမရတဲ့ အနေအထားမျိုးလည်းရောက်နေတယ်’’ ဟု ဒေါ်မေသက်ခိုင်ကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆို ခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ကောက်ယူရရှိထားသည့် စာရင်းအရ သိရသည်။

ယင်းထဲမှ တရားရုံးမှ ပြန်လည်လွတ်မြောက်လာသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊စစ်တွေခရိုင်မှ ၆၇ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး စုစုပေါင်း ၇၈ ဦးထိရှိကြောင်း သိရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...