အာဏာသိမ်းစစ်တပ်နှင့် KIA တို တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIAအနေဖြင့် ပြည်သူများအား ထိခိုက်နစ်နာလျှင် လက်မခံနိုင်ကြောင်းထုတ်ပြန်ထားသည့်အတိုင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့်သဘောဖြစ်ကြောင်း KIAမှ ဒုတိယ ဗိုလ်မှူးကြီးတန်ဆန့်ကပြောသည်။
ဖားကန့်မြို့နယ်အတွက် တိုက်ပွဲများဖြစ်ပွါးနေသည့်အပေါ် ဒုတိယ ဗိုလ်မှူးကြီး တန်ဆန့်ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
” ဖားကန့်တွေမှာ ပြည်သူတွေကို ရဲတွေသတ်ပစ်တာမျိုးတွေ၊ ဒဏ်ရာရတာတွေရှိလာတော့ သူတို့ဆက်လုပ်ရင် ကျွန်တော်တို့လည်း လုပ်မယ်ဆိုတယ် အချက်ပြတဲ့အဆင့်လောက်ပဲ လုပ်တာ။ သူတို့ဘက်က အရမ်းလွန်လာရင် ကျွန်တော်တို့လည်းသေချာ ဆန့်ကျင်သွားမယ်။ မြို့ကိုလည်း ၀င်သင့်ရင်၀င်သွားမယ်ဆိုတဲ့သဘောပဲ။ အဓိက ကတော့ ပြည်သူတွေကို မထိရင်ဘာမှမဖြစ်ဘူး။ ထိရင်တော့ ကျွန်တော်တို့ KIO/KIAအနေနဲ့ လက်မခံနိုင်ဘူးဆိုတာပါပဲ။” ဟု ၎င်းကပြောသည်။
ယနေ့ နံနက် ၆:၄၅ မိနစ်ခန့်ကလည်း ဖားကန့် မြို့နယ်၊ ကံဆီးကျေးရွာရှိ အာဏာသိမ်းစစ်တပ်ဗျူဟာကုန်းမှ KIAတပ်စခန်းရှိရာဘက်သို့ လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးအား လမာဘွမ်တောင်အား ပစ်ခတ်ခဲ့သည်ဟု သိရပြီး တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
“ဒီမနက် (၇)နာရီထိုးဖို့ (၁၅)မိနစ်မှာ စစ်တပ်ကဗျူဟာကုန်းကနေ KIAရှိရာကို ပစ်တာ။ ထိခိုက်မှုဘာမှမရှိဘူး။ လမာဘွမ်းဆိုတဲ့တောင်ဘက်ကိုပစ်တာ။ ရွာသူ/သားတွေက လက်နက်ကြီးသံ မြည်လို့ လန့်နေကြတယ်။ “ဟု ၎င်းကပြောသည်။
စစ်အာဏာ သိမ်းပြီးနောက် ကချင်ပြည်နယ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း မြစ်ကြီးနားမှ (၂)ဦး ဖားကန့်မှ တစ်ဦး စုစုပေါင်း ပြည်သူ(၃) ဦး သေဆုံးခဲ့ပြီး မတ်လ (၁၁) ရက်နေ့မှ စတင်ကာ စစ်တပ်နှင့်KIAတပ်ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။







