CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ထန်တလန်မြို့ ထွေအုပ်ဝန်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းရေးအဖွဲ့မှ ဆင့်ခေါ်

CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ထန်တလန်မြို့ ထွေအုပ်ဝန်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းရေးအဖွဲ့မှ ဆင့်ခေါ်

ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဟုဆိုကာ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဝန်ထမ်းများကို ဌာနဆိုင်ရာ စုံစမ်းရေးအဖွဲ့ဥက္ကဌလက်မှတ်ဖြင့် ဝန်ထမ်းများ၏နာမည် တပ်ဆင်ကာစာဖြင့် ဆင့်ခေါ်ထားကြောင်း သိရသည်။

 

ထန်တလန်မြို့ထွေအုပ်ဝန်ထမ်း တစ်ဦးဖြစ်သူ တစ်ဦးက “CDM လုပ်တာက ကျတော်တို့က ပြည်သူရဲ့ လခနဲ့လစာယူတာဖြစ်တဲ့အတွက် လုပ်တာဖြစ်တယ်။ အခုရုံးကခေါ်ပေမယ့် မသွားဘူး။ CDM လုပ်တာက လူထုလခစားတာဆိုတော့ လူထုကိုလေးစားသလို ကျတော်တို့ရုံးက လူကြီးတွေကိုလည်း လေးစားတယ်။ ဒါပေမယ့် စစ်အစိုးရက အတင်းအဓမ္မအာဏာယူတာမကြိုက်တာဖြစ်သလို ပြည်သူကိုလည်း အဲဒီလက်အောက်မှာ မရောက်စေချင်ဘူး။ ဒီမိုကရေစီစနစ်အရ တက်လာတဲ့ အစိုးရပြန်ဖြစ်လာရင် အကောင်းဆုံး အလုပ်ပြန်လုပ်မယ်” ဟုပြောသည်။

ထန်တလန်မြို့နယ် ဒု - မြို့နယ်အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဦးတင်အောင်ဝင်းက “ရုံးပြန်တက်ဖို့ အမိန့်မထုတ်ထားပါဘူး။ ဒီကိစ္စက ရုံးကိစ္စဖြစ်တဲ့အတွက် တစ်မျိုးမထင်ပါနဲ့၊ ကျတော်တို့ဌာနအနေနဲ့ မှတ်ချက်မပေးလိုပါဘူး” လို့ ချင်းဝေါလ်သတင်းဌာနကို ပြောသည်။  

ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း တစ်ဦးဖြစ်သူက “ကျတော်တို့လုပ်တာ နိုင်ငံရေးလုပ်တာလည်းမဟုတ်ဘူး။ အာဏာရှင်ကို မကြိုက်လို့ လုပ်တာဖြစ်တယ်။ ကျတော်တို့ ထွေအုပ်ကနေ CDM မှာပါတာက ၂၂ ယောက်ဖြစ်တယ်။ အထက်က ရုံးပြန်တက်ဖို့၊ ခြိမ်းခြောက်တာမျိုးလုပ်လို့ (၆) ယောက်ကတော့ ရုံးပြန်တက်တယ်။ ဌာနပေါင်းစုံက CDM မှာပါတဲ့အတွက် ဆန္ဒထုတ်ဖော်မှုမှာလည်း အားလုံးပါဝင်ကြတယ်။ ဒါပေမယ့် တစ်ခြားဌာနတွေကို ကျတော်တို့လို စာပို့တာမသိဘူး။ ကျတော်တို့ထန်တလန်က ထွေအုပ်ကိုပဲ ဆင့်ခေါ်စာလုပ်တာဖြစ်တယ်။ အခုလို ခြိမ်းခြောက်တာကြောင့် ကျတော်တို့မကျေနပ်တာဖြစ်တယ်” ဟုပြောသည်။

အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းတစ်ဦးကလည်း “ အမှန်တော့ အကြောင်းကြား သတိပေးစာကို ပထမအဆင့်၊ ဒုတိယအဆင့် ဆိုပြီး ပေးရမှာဖြစ်တယ်။ အခုက ပထမအဆင့် စာပေးပို့တာမလုပ်ပဲ ဒုတိယပေးစာကို တန်းလုပ်တာဖြစ်တယ်” ဟုပြောသည်။

CDM လှုပ်ရှားမှုကို တစ်နိုင်ငံလုံးတွင် ပြုလုပ်လျက်ရှိပြီး အဆိုပါ လှုပ်ရှားမှုကို အာဏာရှင်စနစ်မလိုလားသည့် ပြည်သူများ/ဝန်ထမ်းများ ပူးပေါင်းပြီး နေ့စဉ်ဆန္ဒထုတ်ဖော်လျက်ရှိသည်။

 

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...