ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင် ဇူလိုင်လအတွင်း ငှက်ဖျားရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေပြီး ကလေးငယ်တစ်ဦး ငှက်ဖျားရောဂါဖြင့် ကွယ်လွန် သွားခဲ့ကာ ဆေးဝါးများလည်း ပြတ်လပ်နေကြောင်း ဒေသခံများနှင့် ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။
လက်ရှိတွင် အဆိုပါဒေသ၌ အသည်းရောင်အသားဝါအပြင် ငှက်ဖျားရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဖျားနာ နေသူများအတွက် ကုသရန် ဆေးဝါးပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရကာ ဆေးဝါးအထောက်အပံ့များ အရေးပေါ် လိုအပ်နေသည်။
ဆေးဝါးကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဒိုင်ရ်ဒေသတစ်ခုလုံးလို့ ပြောရတယ်။ ကျေးရွာ အနေနဲ့ဆို ၁၆ ရွာလောက်မှာ ငှက်ဖျား ဖြစ်နေကြတာ MAM အဖွဲ့အစည်းကလည်း ဆေးတွေပေးပေမယ့် မလုံလောက်ဘူး အခုကျနော် ကျန်းမာရေးစောင့်ရှောက်တဲ့ ကျေးရွာဘက်မှာဆိုရင် ကျေးရွာ ၁၂ ရွာလောက် ကဆေးလာကုကြတယ်။ ကျန်တဲ့ ဒေသတွေမှာလည်း ဖြစ်ကြတယ် လေမြိုချောင်းတလျှောက်လုံးဖြစ်နေတဲ့ ပုံစံဖြစ်တယ်” ဟု ပြောသည်။
ငှက်ဖျားရောဂါကြောင့် ကလေးတစ်ဦး ဇူလိုင်လ ၂၇ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု အဆိုပါ ကျန်းမာရေး ဝန်ထမ်းက ဆက်ပြောသည်။
ဆက်လက်၍ ၎င်းက “၂၄ ရက်နေ့က ကျနော်ဆီရောက်လာတဲ့ ကလေးလေးတစ်ယောက် ၂၇ ရက်နေ့အထိ ဆေးကုတော့ အဆင်မပြေလို့ ရခိုင်ပြည်ဘက်ကို လွှဲပြောင်းလိုက်ရတယ် အဲဒီလို လွှဲပြောင်းဖို့သွားတဲ့ လမ်းမှာဘဲ ဆုံးသွားတယ်။ နောက်ပြီး ကျနော်ဆီ ကလေးတွေ ဆေးကုဖို့ ထပ်ရောက်တာတွေလည်းရှိတယ်။ သူတို့လည်း အသည်းရောင်အသာဝါ ငှက်ဖျားရောဂါနဲ့ ဆေးကုနေတယ်။ နောက်ပြီး လူကြီးတစ်ယောက်လည်း ရခိုင်ပြည် ဘက်ကို ဒီနေ့ဘဲ ရွေ့ပြောင်းလိုက်ရတယ်။ အခုဖြစ်တာက လူကြီးရော ကလေးရော အားလုံးအတူတူပါဘဲ ဖျားပြီဆိုရင် ငှက်ဖျားရောဂါဘဲ ဖြစ်နေကြတယ်” ဟု ဆက်ပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ အဆိုပါဒေသများတွင် ပြီးခဲ့သည့် မေလကလည်း ငှက်ဖျားဖြစ်ပွားမှုများ ရှိခဲ့ပြီး လူနာ အချို့ ပြန်လည် သက်သာလာခဲ့ကြသော်လည်း ဇူလိုင်လမှ စတင်ကာ တုတ်ကွေးရောဂါနှင့်အတူ ငှက်ဖျား ရောဂါ မှာ ဒုတိယလှိုင်းအဖြစ် တကျော့ပြန် ပြင်းထန်လာခြင်း ဖြစ်သည်။
အခြား ကျန်းမာရေးဝန်ထမ်းတစ်ဦးက “WHO ကပေးတဲ့ ငှက်ဖျားဆေးလည်း မလုံလောက်ဘူး၊ MAM အဖွဲ့ အစည်းဆီကလည်း မလုံမလောက်ဖြစ်နေတဲ့ အခြေအနေဖြစ်တယ်။ အခုက ဒုတိယလှိုင်းလိုဖြစ်နေတာ တုတ် ကွေးနဲ့ရောပြီး ငှက်ဖျား ပြန်ဖြစ်နေကြတယ်။ ၅ လပိုင်းလောက်က စဖျားကြတာ။ တချို့က ပြန်ကောင်းကြ တယ်။ အခုဒုတိယအကြိမ် ၇ လပိုင်းလောက်က စလို့ ပြင်းထန်လာပြန်တယ်။ အဓိကတော့ ဆေးဝါးပြတ်တာ တော်တော်ဆိုးတယ် ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေရှိရင်လည်း ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသရှိ ဟုမ်းရွာ၊ ရန်ချောင်းဝ၊ ဝက်မကိုင်း၊ သပြေပင်၊ အောက် ချိုင်းစ၊ ပုံဒေါ၊ ဖိုင်လိပ်ခ၊ တွီခပ်၊ ဘွေတိုး၊ လောင်ဒါန်း၊ အပ်စ၊ ပင်းဝ၊ ဒိုရ်ချောင်းဝ၊ ချိုင်းခနူး၊ ဘွေလောင်နှင့် ကျုံဒွေး စသည့် ကျေးရွာများတွင် ငှက်ဖျားရောဂါများ ဆက်လက် ဖြစ်ပွားနေလျက် ရှိသည်။







