ခနောက်စိမ်းစက်ရုံ လူထုကန့်ကွက်ပါက ကုမ္ပဏီမှ ရုတ်သိမ်းပေးမည်ဟုဆို

ခနောက်စိမ်းစက်ရုံ လူထုကန့်ကွက်ပါက ကုမ္ပဏီမှ ရုတ်သိမ်းပေးမည်ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)
လူထုနှင့် ကုန်သွယ်ပံ့ပိုးမှု မြန်မာကုမ္မဏီနှင့် ဒေသခံများတွေ့ဆုံစဉ် (ဓါတ်ပုံ-ကေတီ)
လူထုနှင့် ကုန်သွယ်ပံ့ပိုးမှု မြန်မာကုမ္မဏီနှင့် ဒေသခံများတွေ့ဆုံစဉ် (ဓါတ်ပုံ-ကေတီ)
ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာတွင် တည်ဆောက်မည့် ခနောက်စိမ်းသန့်စင်စက်ရုံကို ဒေသခံများ သဘောမတူပါက ရုတ်သိမ်းပေးမည်ဟု လူထုကုန်သွယ်ပံ့ပိုးမှုမြန်မာ (Business support Myanmar) ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးသန့်က ဆိုသည်။

"သဘောမတူခဲ့ရင်တော့ မလုပ်ရုံပဲရှိတာပေါ့။ သဘောမတူဘူး မလုပ်ပါနဲ့ဆိုရင် ကျနော်တို့ မလုပ်ဘူး။ ဒီတစ်နည်းပဲရှိတယ်ပေါ့" ဟု ဦးမျိုးသန့်က ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ကယား(ကရင်နီ)ပြည်၊ ဘောလခဲမြို့နယ်ရှိ ရေနီပေါက်ကျေးရွာတွင် ဒေသခံများနှင့် ကုမ္ပဏီတို့ တွေ့ဆုံကာ စာချုပ်သစ် ပြန်လည်ချုပ်ဆိုရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် ခနောက်စိမ်းသန့်စင်စက်ရုံတည်ဆောက်ပြီးပါက ထွက်လာမည့် ဘေးထွက်ဆိုးကျိုးများအတွက် ကုမ္ပဏီမှ တာဝန်ယူပေးရန်နှင့် ၎င်းကိစ္စကို စာချုပ်အတွင်း ထည့်သွင်းပေးရန် ဒေသခံများကအဓိက အတောင်းဆိုထားပြီး ပြည်နယ်တွင်းရှိ လူမှုအသင်းအဖွဲ့များကလည်း ဒေသခံများအတွက် မေးမြန်း တောင်းဆိုမှုများ ပြုလုပ်ပေးခဲ့ကြသည်။

ကုမ္ပဏီဖက်မှမှု ဒေသခံများတောင်းဆိုသော အချက်များကို အလေးထားကာ စာချုပ် ချုပ်ဆိုပေးသွာမည်ဖြစ်ပြီး ဒေသခံများက လက်မခံပါကလည်း စက်ရုံတည်ဆောက်မည့်ကိစ္စကို ရုတ်သိမ်းမည်ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ယင်းတွေ့ဆုံပွဲတွင် ကုမ္ပဏီဖက်မှ သန့်စင်စက်ရုံတွင် အသုံးပြုမည့် နည်းပညာကို ဒေသခံများထံ ရှင်းလင်းပြခဲ့ပြီး စက်ရုံစွန့်ပစ်ပစ္စည်းများမှ ထွက်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးအတွက် အာမခံကာ စာချုပ် ချုပ်ဆိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်စင်စက်ရုံတည်ဆောက်ရန်အတွက် အနီးနားပတ်ဝန်ကျင်ရှိ ကျေးရွာ ရ ရွာမှ ဒေသခံများ သဘောတူညီချက်ရယူရမှာဖြစ်ပြီး လက်ရှိတွင် ဝမ်ချယ်ကျေးရွာမှ ကန့်ကွက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဝမ်ချယ်ရွာမှ လူငယ်ခေါင်းဆောင် ကိုကျော်ကင်းက "ကောင်းကျိုးနဲ့ ဆိုးကျိုးကတော့ ဆိုးကျိုးပဲဖြစ်လာမယ်လို့ထင်တယ်။ အဲဒါကြောင့် ကျနော်တို့ လူငယ်တွေလာပြီး ကန့်ကွက်တာပေါ့" ဟု ဆိုသည်။

ပထမအကြိမ်ချုပ်ဆိုခဲ့သော စာချုပ်တွင် အချက်အလက် ၅ ခုသာ ပါဝင်ခဲ့ပြီး ကျေးရွာ တာဝန်ရှိသူများ အချို့၏ သဘောတူမှုဖြင့်သာ ချုပ်ဆိုခဲ့ကြောင်းသိရသည်။

"အရင်စာချုပ်ချုပ်တုန်းကတော့ ဥပဒေအမြင်အရ ပြောရမယ်ဆိုရင် ဥပမာ ဆိုးကျိုး၊ ကောင်းကျိုးမပါဘူး။ နှစ်ဖက် ကတိ ခံဝန်ချက်မပါဘူး။ အဲဒါကြောင့်မို့လို့ ဒီစာချုပ်ကို ပြန်ချုပ်သင့်တယ်ပေါ့" ဟု Law Home မှ မနန်းသက်သက်ဝေက ဆိုသည်။

စာချုပ်သစ် ထပ်မံချုပ်ဆိုရေးအတွက် တွေ့ဆုံပွဲကို တက်ရောက်လာသော ကိုယ်စားလှယ်များက မိမိတို့ ကျေးရွာရှိ လူထုနှင့် ထပ်မံတွေ့ဆုံပြီးမှ သဘောထားရယူကာ စာချုပ်ချုပ်သင့် မချုပ်သင့်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်စင်စက်ရုံ တည်ဆောက်မည့် နေရာ အနီးတွင် ရေနီပေါက်ရွာ၊ ဝမ်ချယ်ရွာ၊ မိုင်းထမ်း၊ ချီးကွဲ့၊ နန်းနောက်၊ စောလောက်၊ ဘောလခဲကျေးရွာတို့ တည်ရှိသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...