ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ PU Terrance San Mawi Nikhuai (ဦးတာရန့်စ်စန်မွိုင်းနီခွဲ) က ဘယ်သူလဲ

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ PU Terrance San Mawi Nikhuai (ဦးတာရန့်စ်စန်မွိုင်းနီခွဲ) က ဘယ်သူလဲ

မြန်မာ့တပ်မတော်က NLD အစိုးရထံမှ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းယူလိုက်ပြီးနောက် ပြည်ထောင်စုအဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများကိုလည်း ဖေဖော်ဝါရီ ၂ ရက်က အသီးသီးခန့်အပ်ခဲ့သည်။

ထိုသို့ခန့်အပ်ရာတွင် ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဌအဖြစ် လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော်ချူပ် တရားသူကြီး Pu Terrance San Mawi Nikhuai (ဦးတာရန့်စ်စန်မွိုင်းနီခွဲ) ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌအသီးသီးတို့သည် ဝန်ကြီးချုပ်အဆင့်ကဲ့သို့ ပြည်နယ်တွင် အာဏာအမြင့်ဆုံး ရရှိမည်ဖြစ်သည်။

Pu Terrance San Mawi Nikhuai သည် ဝဏ္ဏကျော်ထင် Dr. NiKhuai (ဒေါက်တာနီခွဲ) ၏ သားဖြစ်သည်။ ဒါက်တာနီခွဲ၏ အမျိုးသမီးမှာ အင်္ဂလန်လူမျိုး Jasmine ဖြစ်ကာ သားသမီးကိုးဦးထဲတွင် Pu Terrance သည် အကြီးဆုံးသားဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့နယ် Lumte ကျေးရွာဇာတိဖြစ်သည့် ဒေါက်တာနီခွဲသည် ၁၉၄၇ ခုနှစ်တွင် MBBS ဘွဲ့ရရှိခဲ့ပြီး ချင်းလူမျိုးများထဲတွင် ပထမဆုံး ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ပညာတော်သင်အနေဖြင့် ဗြိတိန်နိုင်ငံသို့သွားရောက်ကာ F.R.C.S (Fellow of the Royal College of Surgery) ကို ပထမဆင့်ဖြင့် အောင်မြင်ပြီးနောက် ဝန်ကြီးချုပ်ဦးနုမှ ရန်ကုန်တွင် အလုပ်လုပ်ရန်ကမ်းလှမ်းသော်လည်း ချင်းတောင်တန်းတွင် အလုပ်လုပ်ချင်သည့်အတွက် ဖလမ်းဆေးရုံတွင် ဆရာဝန်ကြီးအနေနဲ့ ပေးဆပ်ခဲ့သူဖြစ်သည်။

ယခုချိန်မှာ အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သော Pu Terrance San Mawi Nikhuai သည် ငယ်စဉ်က ဖလမ်းမြို့တွင် ပညာစတင်သင်ကြားခဲ့ပြီး မိထ္ထီလာမြို့တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ဖလမ်းမြို့တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။

Pu Terrance San Mawi Nikhuai ၏ အဖိုး (ဒေါက်တာနီခွဲ၏ ဖခင်) ဖြစ်သူမှာ ဗြိတိသျှစစ်တပ်ကို ဝင်ရောက်ခဲ့ပြီး ချင်းလူမျိုးထဲတွင် ပထမဆုံး ဗိုလ်မှူးအဆင့်ရရှိနိုင်ခဲ့သူ Major Kap Cong ဖြစ်သည်။ Major Kap Cong သည် တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သူဖြစ်ပြီး Burma Rebellion Medal, World War 2 Burma Star War Medal, Member of British Empire (MBE) များ ရရှိခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...