DMG သတင်းဌာန အမှုဖွင့်ခံရမှုမှာ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ထုတ်ဝေခွင့်ကို အတိအလင်း ဖိနှိပ်ချုပ်ချယ်ရာရောက်သည့်အတွက် BNI က ပြင်းထန်စွာ ရှုံ့ချ

DMG သတင်းဌာန အမှုဖွင့်ခံရမှုမှာ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ထုတ်ဝေခွင့်ကို အတိအလင်း ဖိနှိပ်ချုပ်ချယ်ရာရောက်သည့်အတွက် BNI က ပြင်းထန်စွာ ရှုံ့ချ

ချစ်အိလှိုင် — ရခိုင်အခြေစိုက် Development Media Group (DMG)သတင်းဌာန အမှုဖွင့်ခံရမှုနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဖိနှိပ်ကန့်သတ်မှုများကို တိုင်းရင်းသားသတင်းဌာနများဖြင့်ဖွဲ့စည်းထားသည့် Burma News International (BNI) က ပြင်းထန်စွာ ရှုံချလိုက်ကြောင်း ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

DMG သတင်းဌာနမှ အယ်ဒီတာနှင့် သတင်းထောက်များကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့်အမှုဖွင့်ထားခြင်းအား BNI က ပြင်းထန်စွာရှုံ့ချလိုက်ကြောင်း ၊ အစိုးရ၏ထိုကဲ့သို့ အမှုဖွင့်ထားမှုသည် မြန်မာနိုင်ငံအတွင်းအခြေစိုက်သည့် တိုင်းရင်းသားမီဒီယာအဖွဲ့များ၏ လွတ်လပ်စွာသတင်းရယူခွင့်နှင့် ထုတ်ဝေခွင့်ကို အတိအလင်းဖိနှိပ်ချုပ်ချယ်ရာရောက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမှုဖွင့်ခံထားရသည့် ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက “ကျွန်တော်တို့ရဲ့နောက်ထပ်သတင်းရေးသားမှုတွေမှာ စိုးရိမ်မှုရှိလာမှာပဲ။ ဒီနေရာမှာရှိတဲ့ သတင်းသမားတွေလည်း အနည်းနဲ့အများစိုးရိမ်မှုရှိလာကြမှာပဲ။ မီဒီယာလွတ်လပ်ခွင့်အပေါ်မှာ ထိခိုက်နိုင်တယ်ပေါ့နော်။ မီဒီယာဥပဒေနဲ့မညီဘဲ တခြားပြင်ပက ကြီးလေးတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်တာတွေ ဆက်ရှိနေရင် သတင်းမီဒီယာလွတ်လပ်ခွင့်ရော၊ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်ရော အကုန်လုံးကျဆင်းလာမှာပဲ” ဟုပြောသည်။

DMG သတင်းဌာနအား ဥပဒေကြောင်းအရ ဖိနှိပ်ရုံသာမက သတင်းဌာနလိုင်စင်နှင့် ဂျာနယ်ထုတ်ဝေသူအမည်ပြောင်းလဲထုတ်ဝေခွင့်လိုင်စင်ကို အစိုးရက ခိုင်လုံသည့်အကြောင်းအရင်းမရှိဘဲ ၂ နှစ်နီးပါးကြာသည်အထိ မထုတ်ပေးခြင်း၊ တရားဝင်သတင်းဌာနမဟုတ်သည့်ပုံစံဖြင့် ပြောဆိုဆက်ဆံမှုများကြောင့် သတင်းရယူထုတ်ဖော်ရာတွင် အကန့်အသတ်များရှိကြောင်း BNI ၏ ထုတ်ပြန်ချက်က ဆိုသည်။

BNI ၏ထုတ်ပြန်ချက်ထဲတွင် “ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/ ၂ ဖြင့် အမှုဖွင့်ခံထားရသည့် DMG သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်မင်းဦး၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် မကြာသေးခင်က အမှုဖွင့်ခံထားရသည့် ဒုတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံ၊ သတင်းထောက် ကိုအောင်ကျော်မင်းနှင့် မနှင်းနွယ်တို့ကို အမှုဖွင့်ထားမှုများအား အမြန်ဆုံးရုပ်သိမ်းပေးရန်နှင့် DMG သတင်းဌာနလိုင်စင်နှင့် တစ်လလျင်(၂)ကြိမ်ပုံမှန်ထုတ်ဝေသော Development News Journal အား ထုတ်ဝေခွင့်လိုင်စင်လျှောက်ထားခြင်းကို အမြန်ဆုံးထုတ်ပေးရန် တိုက်တွန်းချက်များ ပါရှိသည်။

၄င်းအပြင် DMG သတင်းဌာန၏ Website အားဖုန်းအင်တာနက်လိုင်းများဖြင့် ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းကိုလည်း ဖြေလျှော့ပေးရန်၊ ရခိုင်ပြည်နယ်အတွင်း သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ချိုးဖောက်ခံနေရသည့်အင်တာနက်လိုင်း ပိတ်ထားခြင်းများကို အမြန်ဆုံးဖွင့်ပေးရန်။ သတင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ်များရှိလာပါက ယခင်အစိုးရလက်ထက်တွင် ချမှတ်ခဲ့သည့် မီဒီယာပဋ္ဋိပက္ခ ဖြေရှင်းမှုစနစ်အတိုင်း မြန်မာမီဒီယာကောင်စီ လက်အောက်တွင် ညှိနှိုင်းဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏ ပဋ္ဋိပက္ခများဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်နေသော ပြည်သူများထံမှ ထွက်ပေါ်လာသည့် သတင်းများကို ဖုံးဖိရန် ကြိုးပမ်းနေသည့် အစိုးရ၏ အခြားသော ဆောင်ရွက်ချက်များကို ရပ်ဆိုင်းပေးရန် ကြေညာချက်တွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် DMG သတင်းဌာန၏ ရခိုင်ပြည်နယ်၊ မောင်တောအခြေစိုက်သတင်းထောက်ဖြစ်သူ ကိုအောင်ကျော်မင်း(ခေါ်)ကိုကျော်မျိုးအောင်သည် “ မောင်တော ၃ မိုင်တံတားအားပြုပြင်ရန်အမြန်ဆုံးလိုအပ်နေ” ဆိုသည့် သတင်းရေးသားခဲ့သည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ထပ်မံ၍ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ယင်းသတင်းဌာန၏ ဒု-တာဝန်ခံ အယ်ဒီတာကိုနေဝင်းစံနှင့် မနှင်းနွယ်တို့ကို ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးများကို တပ်မတော်သားအချို့ကယူဆောင်သွားခဲ့သည်ဆိုသည့် သတင်းရေးသားခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်ပင် အမှုဖွင့်ခံထားရကြောင်း BNI ၏ ထုတ်ပြန်ချက်အရ သိရသည်။

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...