DMG သတင်းဌာနမှ အမှုဖွင့်ခံရသည့်သတင်းထောက်နှစ်ဦး တစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် အာမခံရ

DMG သတင်းဌာနမှ အမှုဖွင့်ခံရသည့်သတင်းထောက်နှစ်ဦး တစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် အာမခံရ

ထွန်းခိုင် — ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Development Media Group သတင်းဌာနမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသော ဒု-တာဝန်ခံအယ်ဒီတာကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့သည် တစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် အာမခံရရှိခဲ့ကြကြောင်း သိရသည်။

သူတို့နှစ်ဦးသည် ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ညနေပိုင်းက စစ်တွေမြို့အမှတ် (၂)နယ်ရဲစခန်းတွင် သွားရောက်အမှုရင်ဆိုင်ခဲ့စဉ် ယခုကဲ့သို့ အာမခံရရှိခဲ့ကြောင်း သိရသည်။

အမှုဖွင့်ခံရသည့်သတင်းထောက် မနှင်းနွယ်အသုံးပြုနေသောဖုန်းနှင့် Dell Laptop ကွန်ပျူတာတစ်လုံးကိုလည်း ရဲက သိမ်းဆည်းထားလိုက်ကြောင်း သိရသည်။

DMG သတင်းဌာနသည် “ကျောက်တော်မြိို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းရေးသားဖော်ပြခဲ့သည်။ ယင်းသတင်းရေးသားချက်သည် တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တပ်မတော်သား ဗိုလ်မှူး ဘုန်းမြင့်ကျော်က စစ်တွေမြို့ အမှတ် (၂)နယ်မြေ ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၄င်းသတင်းအား သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားတင်ပြခဲ့ခြင်းဖြစ်သည်ဟုလည်း အမှုဖွင့်ခံထားရသူ ဒု-တာဝန်ခံအယ်ဒီတာကိုနေဝင်းစံက ပြောသည်။

“အဓိကတော့ ဒေသခံတွေရဲ့ နစ်နာချက်နဲ့ပတ်သက်ပြီးတော့ ဖော်ပြခဲ့တာဖြစ်တယ်။ အခုစွပ်စွဲသလို တပ်မတော်ကို ထိခိုက်နစ်နာချင်တဲ့အတွက်ကြောင့်ဖော်ပြခဲ့တာမဟုတ်ဘူး။ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကျနော်တို့ မူတည်တယ်။  ပြီးတော့ သတင်းဘက်မျှအောင်အတွက် တပ်မတော်ဖက်ကို ကျနော်တို့ဆက်သွယ်တယ်။ တပ်မတော်ဖက်ကို ဆက်သွယ်လို့မရတဲ့အခါကျမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးကိုဆက်သွယ်တယ်။ အဲလိုမျိုးအကြိမ်ကြိမ်ကျနော်တို့ဆက်သွယ်ပြီးမှ မရနိုင်တဲ့အဆုံးမှာ ဒီသတင်းကို ကျနော်တို့ဖော်ပြခဲ့ရတယ်။ ကျနော်တို့ကတော့ သတင်းမီဒီယာကျင့်ဝတ်အတိုင်း ကျနော်တို့လုပ်ခဲ့တယ်လို့ပြောချင်တယ်။ ” ဟုပြောသည်။

တပ်မတော်အနေဖြင့် တိုက်ရိုက်အမှုမဖွင့်ဘဲ သတင်းမီဒီယာကောင်စီမှတဆင့်သာ ဆောင်ရွက်စေလိုသည်ဟုလည်း အမှုဖွင့်ခံထားရသည့်သတင်းထောက် မနှင်းနွယ်က ပြောသည်။

“အမျိုးသမီးတစ်ယောက်အနေနဲ့ စိုးရိမ်မှုတွေဖြစ်မိတာပေါ့။ ကျမရဲ့ မိသားစုတွေကလည်း မိန်းမသားဖြစ်တဲ့အတွက် ပိုပြီးတော့ စိုးရိမ်နေကြတယ်။ ကျမတို့ကတော့ ဒီသတင်းကို အထောက်အထားခိုင်ခိုင်မာမာနဲ့ ရေးသားခဲ့တာဖြစ်တယ်။ တပ်မတော်အနေနဲ့လည်း တိုက်ရိုက်အမှုမဖွင့်ဘဲ သတင်းမီဒီယာကောင်စီကနေတဆင့် သွားပေးဖို့တောင်းဆိုချင်တယ်။” ဟု မနှင်းနွယ်က ပြောသည်။

ယင်းသတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက  တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ယင်းအပြင် DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါသတင်းဌာန၏ Website စာမျက်နှာသည်လည်း ပြီးခဲ့သည့် ပြီးခဲ့သည့်နှစ်မှစတင်ကာ အပိတ်ခံထားရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...