ချင်းပြည်နယ်အစိုးရအဖွဲ့၏ တီးတိန်မြို့နယ်အတွင်း ကိုဗစ်ရောဂါကိုင်တွယ်ဆောင်ရွက်ပေးမှု အားရကျေနပ်စရာမရှိဟုဆို

ချင်းပြည်နယ်အစိုးရအဖွဲ့၏ တီးတိန်မြို့နယ်အတွင်း ကိုဗစ်ရောဂါကိုင်တွယ်ဆောင်ရွက်ပေးမှု အားရကျေနပ်စရာမရှိဟုဆို

နှင်းနှင်း — တီးတိန်မြို့နယ်သည် ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်သော်လည်း အစိုးရအဖွဲ့၏ ကိုင်တွယ် ဆောင်ရွက် ပေးမှုအပိုင်းတွင် အားရကျေနပ်စရာမရှိကြောင်း တီးတိန်မြို့နယ်၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုး ကပြောသည်။

“ချင်းပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်တဲ့အပိုင်းမှာ တော်တော်လေးကို အားနည်း တယ်လို့မြင်တယ်၊ ပြည်နယ်အစိုးရမှာက ကိုဗစ်-၁၉ အတွက် ဘတ်ဂျက်ဘယ်လောက် ရှိတယ်၊ မရှိဘူးလဲဆိုတာ ချပြတာမျိုးမရှိဘူး၊ပြီးတော့ တကယ့်အရေးပေါ်ဖြစ်တဲ့ အချိန်မှာ အရေးပေါ်သုံးဖို့ဒီလောက်ရှိတယ်ဆိုတာ ပြောရုံရှိပေမယ့် လက်တွေ့မှာအသုံးချ တာမျိုးကိုသိပ်ပြီးတော့မတွ့ရဘူး၊ အခုကျွန်တော်တို့ တီးတိန်းမှာဆိုရင် အောက်ဆီဂျင်လည်း မရှိဘူး ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့က CSO ဖက်ကနေရော၊ မြို့မိမြို့ဖဖက်ကေ ရာ၊ အောက်ဆီဂျင်တောင်းတယ်၊ ICU တောင်းတယ် ရမယ် ရမယ်ဆိုပြီးအခုချိန်ထိ မရသေး ဘူး” ဟု ကိုမုန်နိုးကပြောသည်။

တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါဒေသအတွင်း ကူးစက်မှုမြင့်တက်လာကာ သေဆုံးသူ ၂ ဦီးအထိရှိလာပြီဖြစ်သော်လည်း ကိုဗစ်လူနာများ ကို အဓိကကုသပေးနေသည့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ချိန်ထိအောက်ဆီဂျင် ၊ ICU အခန်း၊ ကွာရန်တင်း စင်တာမရှိခြင်း ရေ၊မီး အချိန်မှန်ရရှိမမရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။

ချင်းပြည်နယ်၊ လှုမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင်အရေးပေါ်အခြေအနေတွင် အသုံးပြုရန်လိုအပ်လျှက်ရှိသော ICU အခန်းနှင့် သီးသန့်အဆောင်အတွက်အဆောက်အဦးကို အလှူရှင်များ၏ ဆောက်လုပ်ပေးမှုဖြင့် ပြီးစီးနေပြီးဖြစ်ကာ အောက်ဆီဂျင်ထုတ်လုပ်သောစက်ထည့်သွင်းရန်ကြိုးစားဆောင်ရွက် နေပြီဖြစ်ကြောင်း ပြောသည်။

“အလှူရှင်တွေဆောက်ပေးတဲ့ ICU အတွက် (၁) ခန်းရယ်၊ Isolation အတွက်(၁)ခန်းရယ် ၂ထပ်အဆောင်တဆောင် အလှူရှင်တွေဆောက်ပေးတယ်ပြီးသွားပြီ၊ ICU အတွက်က အောက်ဆီဂျင်မရှိရင်သိပ်အဆင်မပြေဘူး၊ အောက်စီဂျင်ထုတ်တဲ့စက်ရဖို့လည်းကြိုးစားပြီးဆောင်ရွက် နေတယ်။” ဟု ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်ကလည်း တီးတိန်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ (၇) ဦးထပ်မံတွေ့ရှိခဲ့ပြီး ယနေ့တွင်လည်း တီးတိန်မြို့၊တွီးထန်ကျေးရွာမှ အယောက် (၆၀) ဦးကို ဓာတ်ခွဲနမှုနာ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်ကစ၍ တီးတိန်မြို့တွင် လက်ရှိအချိန်ထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၉၄ ဦးထိရှိခဲ့ပြီး ဆေးရုံတွင်ကုသမှုခံယူနေဆဲ လူနာ ၁၉ ဦးရှိကာ သေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...