လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသန်းလှအပါအဝင် ရခိုင်လူငယ် ၃ ဦး၏အမှု နှစ်ဘက်ကျေအေးမှုမရှိ၍ ဇန်နဝါရီ ၁၄ ရက်နေ့ ထပ်မံရုံးချိန်း

လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသန်းလှအပါအဝင် ရခိုင်လူငယ် ၃ ဦး၏အမှု နှစ်ဘက်ကျေအေးမှုမရှိ၍ ဇန်နဝါရီ ၁၄ ရက်နေ့ ထပ်မံရုံးချိန်း

ထွန်းခိုင်၊ ဇော်ဝင်းဌေး — ဒီဇင်ဘာလ (၁ဝ) ရက်နေ့က စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်၍ ငြိမ်စုစီဥပဒေပုဒ်မ (၁၉)ဖြင့် တရားစွဲခံထားရသူ ကိုသန်းလှ (ခ) ကိုမင်းဘာချေက အပါအဝင် ရခိုင်လူငယ် (၃)ဦးအမှုနှင့် ပတ်သက်ပြီး တရားရုံးတွင် နှစ်ဘက်ကျေအေးမှုမရှိသဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့ ကို ထပ်မံ ရုံးချိန်းလိုက်သည်ဟု သိရသည်။

တရားစွဲဆိုခံထားရသူ ကိုသန်းလှက “ ဒီနေ့မှာ တရားသူကြီးက တရားစွဲဆိုတဲ့ တရားလို ရဲအရာရှိဘက်က ဥပဒေအရာရှိကို အမှုကို ကျေအေးမလားဆိုပြီးတော့ မေးတယ်။ သူတို့က မကျေအေးဘူးလို့ ပြောတယ်။ ကျေအေးတယ်ဆိုလို့ရှိရင် ကျနော်တို့အမှုကို တရားရုံးက ဖျက်သိမ်းလို့ရတယ်” ဟု ပြောသည်။

၎င်းနောက် စစ်တွေမြို့နယ် တရားသူကြီးက ကိုသန်းလှတို့အား ကျေအေးမလားဆိုပြီး ဆက်မေးခဲ့သည်ဟု ဆိုသည်။

“ သူတို့က မကျေအေးလို့ ပြောတဲ့အတွက် တရားသူကြီးက ကျနော်တို့ကို ထပ်မေးတယ်။ ကျနော်တို့ဘက်က ကျေအေးမလားဆိုပြီးတော့။ ကျေအေးမယ်ဆိုတာက ကျနော်တို့က တရားခံမဟုတ်ဘူး။ ပြစ်မှုတွေကို ကျူးလွန်ထားတဲ့ လူတွေလည်း မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ကလည်း မကျေအေးနိုင်ဘူး။ ကျနော်တို့ဟာ အမှားလုပ်တာမဟုတ်ဘူး။ အမှန်တရားကိုလုပ်တာဖြစ်တယ်” ဟုပြောသည်။

သို့အတွက် အမှုကို ဆက်လက် စစ်ဆေးရန် တရားသူကြီးက ဇန်နဝါရီ ၁၄ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ (၁ဝ)ရက်နေ့အား ကြိုဆိုထောက်ခံသည့်အနေဖြင့် စစ်တွေ ကမ်းခြေတွင် ကြိုဆိုမှုပြုလုပ်ခဲ့သည်ကို စစ်တွေမြို့မ ရဲစခန်းကတရားလိုလုပ်ပြီး တရားစွဲဆိုမှုအပေါ် ဥပဒေဘက်တော်သားများက လက်ခံသည်မှာ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု ပျက်စီးသွားပြီဟု ထင်မြင်ကြောင်း ကိုသန်းလှက ဆက်လက်ပြောကြားသည်။

တရားစွဲဆိုခံရနေသူ သုံးဦးမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခေါ်)ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်ကြသည်။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ (၂၁)ရက်နေ့က  စစ်တွေမြို့နယ်တရားရုံးတွင် စစ်တွေမြို့နယ်ရဲမှူးမှ တရားလိုလုပ် တရားစွဲဆိုခြင်းသည်။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ငြိမ်းစုစီမတင်ဘဲ လူစုလူးဝေး ပြုလုပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက ၎င်းနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...