မကွေးတိုင်းသို့ ပါသွားသည့် ကျေးရွာကို ချင်းပြည်နယ်ထဲ ပြန်ထည့်ရန် ဆန္ဒဖော်ထုတ်

မကွေးတိုင်းသို့ ပါသွားသည့် ကျေးရွာကို ချင်းပြည်နယ်ထဲ ပြန်ထည့်ရန် ဆန္ဒဖော်ထုတ်

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်အတွင်းသို့ ထည့်သွင်းခံထားရသည့် မင်းတပ်မြို့နယ် လှေ့ချမ်းကျေးရွာအုပ်စု ရွှေအောင်သာကျေးရွာကို ချင်းပြည်နယ်သို့ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုသည့် ဆန္ဒဖော်ထုတ်မှုတခုကို ယနေ့နံနက်ပိုင်းက မင်းတပ်မြို့တွင်ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်မှုကို ရွှေအောင်သာကျေးရွာသားများအပါအဝင် မင်းတပ်မြို့ဒေသခံပြည်သူ ၃၀ ဦးတို့က ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲကစတင်ပြီး မွန်းလွဲပိုင်း ၁၂ နာရီအထိ တောင်းဆိုချက် ပိုစတာများကိုင်ဆောင်ကာ မင်းတပ်မြို့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဂေကီးက “ ကျနော်တို့က ၁၉၉၅ ခုနှစ်ရွာစတည်ကတည်းက ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာနေခဲ့ရတာလေ၊ ၂၀၁၇ ခုနှစ်မှာ ရွှေအောင်သာကျေးရွာဟာ မကွေးတိုင်း ထီးလင်းမြို့နယ် ထဲကိုပါသွားတယ်လို့ မင်းတပ်မြို့နယ်အုပ်ချူပ်ရေးမှူးကပြောတယ်၊ အဲဒါကိုကျနော်တို့ကလက်မခံနိုင်ဘူးလေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ ကိုချိူးဖောက်ထားတာဖြစ်တယ်၊ ဒါကြောင့်ဒါကိုပြန်လည်သတ်မှတ်ပေးဖို့တောင်းဆိုရတာ ဖြစ်တယ်’’ ဟု ပြောသည်။

ထို့အပြင် ယခုလက်ရှိတွင်ရွှေအောင်သာကျေးရွာသား ၁၈ ဦးကို မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ကြိုင်ကြိုးဝိုင်း ကျူးကျော်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့်ကိစ္စကိုလည်း အမှုပြန်လည်ရုပ်သိမ်းပေးရန် ယနေ့ဆန္ဒဖော်ထုတ်မှုတွင် တောင်းဆိုခဲ့ကြသည်။

ရွေအောင်သာကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်း ခံရသည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (က)နှင့် (ခ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့်အကျူံးဝင်သည့် မြို့နယ်အတွင်းနေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်ဖြစ်ပြီး ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေထိုင်ကြသည့်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲမရလျှင် ယင်းနယ်နိမိတ်ပြင်ဆင် သတ်မှတ်ခြင်းကို ဆောင်ရွက်ခြင်းလုံးဝမပြုရဟု ဖော်ပြထားသည်။

အိမ်ခြေ ၃၀ လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိသော ရွှေအောင်သာကျေးရွာသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အထွေထွေရွေး ကောက်ပွဲတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် မဲစာရင်းတွင်ပါရှိခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်မူ မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်၏ မဲစာရင်းတွင်ထည့်သွင်းခြင်းခံခဲ့ရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...