ရခိုင်မှ မိုင်းထိပြီးမသန်စွမ်းဖြစ်သွားသူများ၏ ဘဝပြန်လည်ထူထောင်ရေး အစိုးရ၏အကူအညီများလိုအပ်နေ

ရခိုင်မှ မိုင်းထိပြီးမသန်စွမ်းဖြစ်သွားသူများ၏ ဘဝပြန်လည်ထူထောင်ရေး အစိုးရ၏အကူအညီများလိုအပ်နေ

ခိုင်လူလှ — ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကာလအတွင်း မြေမြုပ်မိုင်းပေါက်ကွဲ၍ မသန်စွမ်းဖြစ်သွားရသူများ၏ ဘဝပြန်လည်ထူထောင်ရာတွင် အစိုးရ၏ အကူအညီများလိုအပ်နေကြောင်း မိုင်းထိဒဏ်ရာရရှိခဲ့သူများက ပြောကြားသည်။

မြေပုံမြို့နယ် စညင်းကျေးရွာမှ ခြေတစ်ဖက်ဖြတ်လိုက်ရသူ မနန်းစု (၂၁) နှစ်က “ ကျွန်မတို့က အစိုးရဆီက ဘာမှ အကူအညီမရပါ။ ကျွန်မတို့ရဲ့ ဘဝတွေပြန်လည်ထူထောင်ရေးအတွက် အစိုးရအနေနဲ့ တတ်နိုင်တာလေး တွေကို ကူညီစေချင်ပါတယ်။ အခုက ဆရာဦးသန်းထွန်းတို့က ကူညီတဲ့ အနေအထားတစ်ဘဲ ရှိပါတယ်။ ဒီလို အကူအညီမရှိရင် ကျွန်မတို့ဘဝ တွေးတောင် မတွေးရဲဘူး” ဟု ပြောကြားသည်။

လက်ရှိ စစ်တွေမြို့တွင် မနန်းစိုး အပါအဝင် မိုင်းထိပြီး ခြေဖြတ်ထားရသူ ၆ ဦးရှိပြီး ဆရာဦးသန်းထွန်းတို့က ကူညီ စောင့်ရှောက်ထားသည်ဟု သူမက ပြောဆိုသည်။

“ဒီမှာက စားရေးသောက်ရေးက အဆင်ပြေပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ရေရှည်ကျရင် အတတ် ပညာတစ်ခုခုတော့ ရချင်ပါတယ်။ အပ်ချုပ်တာဘဲဖြစ်ဖြစ်၊ တစ်ခြားလက်မှု ပညာတစ်ခုခုပေါ့။ ဒါမှလည်း အေးအေးချမ်းချမ်းနေလို့ ရမယ်ထင်ပါတယ်။ ဒါတွေကျရင် အစိုးရဘက်က ကူညီရချင်ပါတယ်” ဟု သူမက ပြောဆိုသည်။

စစ်တွေအလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေးစခန်းတွင် ခြေတစ်ဖက်ပြတ်နေသူ  ၅ ဦးရှိနေပြီး ၎င်းတို့မှာ  မင်းပြားမြို့နယ် ရွှေကျန်ရွာက ဦးသာထွန်းအေး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ မောင်ကျော်စိုးဝင်း၊ ကျောက်တော်မြို့နယ် သင်္ဘောကွေ့ကျေးရွာမှ မိုးမိုးနွယ်၊ မြေပုံမြို့နယ် စညင်းကျေးရွာမှ မနန်းစု၊ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာမှ မဦးအေးစိုးနှင့် ခြေနှစ်ဖက်လုံး ပြတ်သွားသူ တစ်ဦးမှာ ကျောက်တော်မြို့နယ် ရုပ်သားရွာက အသက် ၁၇ နှစ်အရွယ် မစန္ဒာအေးတို့ ဖြစ်ကြသည်။

ကျောက်တော်မြို့နယ် သင်္ဘောကွေ့ကျေးရွာမှ ခြေတစ်ဖက်ဖြတ်လိုက်ရသူ မမိုးမိုးနွယ်က “ ကျွန်မက အခု အလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေး စခန်းမှာနေပြီး အပ်ချုပ်သင်နေပါတယ်။ ဒီမှာ စားရေး သောက်ရေးက အလိုတော်ပြည့်ကျောင်းဆရာတော်နဲ့ ဆရာဦးသန်းထွန်းတို့က ကူညီထားတဲ့ အတွက် အစစအရာရာအဆင်ပြေပါတယ်။ အပ်ချုပ်တတ်သွားရင်တော့ ရွာကို ပြန်ပြီး မိသားစုတွေနဲ့ အတူ ဘဝကို ပြန်ထူထောင်ဖို့ စိတ်ကူးထားပါတယ်။ အစိုးရဆီကတော့ ဘာမှ အကူအညီမရပါ။ သူတို့ကူညီရင်တော့ ကောင်းမှာပေါ့” ဟု ပြောဆိုသည်။

လက်ရှိတွင် ၎င်းမိုင်းထိ၍ မသန်စွမ်းဖြစ်သွားသူများကို ဆရာဦးဦးသန်းထွန်းဦးစီးတည်ထောင်ထားသည့် စစ်တွေ ဆေးရုံရောက် စစ်ဘေးသင့်လူနာများ ကူညီရေးအုပ်စုမှ ပြင်ပ ပုဂ္ဂလိကအလှူရှင်များ၏ အထောက်အပံ့ဖြင့် ကူညီစောင့်ရှောက်ထားသည်ဟု သိရသည်။  

မိုင်းထိဒဏ်ရာရရှိသူများကို ကူညီစောင့်ရှောက်ပေးနေသည့် ဦးဦးသန်းထွန်းက “ ရခိုင်မှာ မိုင်းထိပြီး ခြေတစ်ဖက်ပြတ်တာ ၁ဝ ကျော် လောက်ရှိပါတယ်။ စစ်တွေမြို့ကို ရောက်လာတဲ့ ကျွန်တော်တို့ ကူညီကုသပေးလိုက်တဲ့ လူနာက ၁၉၈ ယောက်ရှိပါတယ်။ အဲဒီအထဲမှာ နှစ်ဖက်ပြတ်တာ၊ တစ်ဖက်ပြတ်တာ ၁ဝ ကျော်ရှိပါတယ်။ နှစ်ဖက်ပြတ်တာဆိုရင် မြောက်ဦး ရှစ်သောင်း ဒုက္ခသည်စခန်းမှာ တစ်ဦး၊ စစ်တွေ အလိုတော်ပြည့် ကယ်ဆယ်ရေးစခန်းတစ်ဦးမှာရှိပါတယ်။ အားလုံးပေါင်းရင် ၁ဝ ကျော်လောက်ရှိပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ မိုင်းထိပြီး ခြေထောက်ဖြတ်လိုက်ရသူများအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အကူအညီဖြင့် ခြေတုများတပ်ဆင်ပေးနေသည်ဟု ပြောသည်။

“ အခုကတော့ အဲဒီ ခြေထောက်ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပြင်ပ ပုဂ္ဂလိက အလှူရှင်တွေရဲ့ အထောက်အပံ့ အကူအညီနဲ့ ပြုစုစောင့်ရှောက်ထားပါတယ်။ ခြေတုတွေကိုလည်း ICRC  အကူအညီနဲ့ တပ်ဆင် ပေးနေပါတယ်။  အလိုတော်ပြည့်ကျောင်းမှာတောင် ၃ ယောက် ခြေတုတပ်ထားပြီ။ အပြင်မှာဆိုရင် အထက်မြတ်လှဲက မြိုတိုင်းရင်းသား ဦးအောင်ဇံဝေ အပါအဝင် နှစ်ဦး သုံးဦးမှာ တပ်ထားပြီးပါပြီ။ စုစုပေါင်း ၈ ယောက်တပ်ထားပြီးပါပြီ” ဟု ဦးဦးသန်းထွန်းက ပြောဆိုသည်။

ရခိုင်တွင် မိုင်းထိပြီး ဒဏ်ရာရရှိသူများအနေဖြင့် ဆေးကုသမှုကလွဲပြီး တစ်ခြား အကူအညီများ အစိုးရထံမှ ရရှိခြင်းမရှိဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

“ မိုင်းထိပြီး ဘဝမှာ မသန်စွမ်းဖြစ်သွားသူတွေကို အစိုးရက ကူညီထောက်ပံ့တာ၊ ဘဝရှင်သန်ရေး ပြန်လည် ထူထောင်ပေးတာမျိုးတော့ ရခိုင်မှာ မရှိသေးပါဘူး။ ပြည်နယ်အစိုးရကလည်း ပြည်ထောင်စုက ပေးတာလောက်နဲ့ လုပ်နေရတို့ သူတို့လည်း ဘယ်လို အနေအထားရှိနေတယ်ဆိုတာတော့ မသိဘူး။ နောက်တစ်ခုက ရခိုင်မှာက မိုင်းနဲ့ ပတ်သက်ပြီး Action အဖွဲ့ မဖွဲ့ရတာနဲ့ ဆိုင်ပါမယ်။ ကရင်တို့၊ ကချင်တို့မှာဆိုရင် Mine Action အဖွဲ့တွေရှိပါတယ်။ အစိုးရ၊ နိုင်ငံတကာနဲ့ ဒေသခံ လူမှု အဖွဲ့အစည်းတွေ ပေါင်းပြီးဖွဲ့ထားတာပါ။ အဲဒီအဖွဲ့က မိုင်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာထုတ်တာတို့၊ အသိပညာပေးတာတို့၊ ပြန်လည်ထူထောင်ရေးတို့ကို လုပ်ဆောင်ပါတယ်။ ဒီလိုအဖွဲ့အစည်းမရှိတာနဲ့လည်း သက်ဆိုင်မယ် ထင်ပါတယ်” ဟု ပြောကြားသည်။

ဓာတ်ပုံ- Rakhine Thahaya Yangon Page
April 11, 2024
ရန်ကုန်မှ နေရပ်မပြန်နိုင်ကြသော ရခိုင် တက္ကသိုလ်ကျောင်းသားများအား ရခိုင်သဟာယအသင်းက...
April 9, 2024
စွမ်းအင်ကုမ္ပဏီ Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွား...