AA မှ ဆလိုင်းအောင်စိုးပြန်လွှတ်ပေးမှု KACC ကြိုဆို

AA မှ ဆလိုင်းအောင်စိုးပြန်လွှတ်ပေးမှု KACC ကြိုဆို

နှင်းနှင်း — ၄ လခွဲကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဆလိုင်းအောင်စိုးအား ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်သည့်အပေါ် ဝမ်းသာကြိုဆိုကြောင်းနှင့် ယခုကဲ့သို့လွှတ်မြောက်နိုင်ရန် ဝိုင်းဝန်းကူညီ ပေးကြသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ခူမီးချင်းလူမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကော်စီ KACC ကကြေညာ ချက်ထုတ်ပြန်လိုက်သည်။

KACC မှ ညှိနှိုင်းရေးမှုး ဆလိုင်းပိုင်နန်းက ”သူလွတ်လာတယ်ဆိုတော့မိသားစုနဲ့အတူ ကျွန်တော်တို့လည်းဝမ်းသာကြတယ်၊ အချိန်တွေအကြာကြီးဒီလိုဖြစ်လာဖို့အတွက်ကို ကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့၊ ကျွန်တော်တို့ထုတ်ပြန်ချက်တွေ လည်းထုတ်ခဲ့တယ်၊ မနေ့ကပဲပြန်လာတယ်ဆိုတော့ ကျွန်တော်တို့ဝမ်းသာကြပါတယ်” ဟုပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ်(၄)ဦးတို့သည် ပြီးခဲ့သော ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး (၃) ဦးမှာ ဩဂုတ်လ ၂၅ ရက်နေ့ကလွှတ်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆလိုင်းအောင်စိုးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

AA တပ်ဖွဲ့အနေဖြင့် ဆလိုင်းအောင်စိုးအား ဖမ်းဆီးထိန်းသိမ်းသည့်ကာလမှာ လေးလခွဲမျှကြာမြင့်ခဲ့သော်လည်း စတင်ဖမ်းဆီးချိန်နှင့် ဖမ်းဆီးထိန်းသိမ်းစဉ်ကာလတလျှောက်လုံးတွင် အေအေတပ်ဖွဲ့ခေါင်းဆောင်များက ဆလိုင်းအောင်စိုးအား ဖမ်းဆီးထားခြင်းမရှိကြောင်းအကြိမ်ကြိမ်ငြင်းဆိုခဲ့ကြသည်။

“ တကယ်တော့ဖမ်းတဲ့အချိန်မှာ အောင်စိုးတယောက်ထဲ မှမဟုတ်တာ၊ သူ့သူငယ်ချင်းတွေလည်းရှိတယ်၊ သူ့သူငယ်ချင်း တွေကစောစောလွတ်လာပြီလေ ကျွန်တော်တို့တွေ့နေရတာပဲလေ၊ အဓိကတော့ကိုယ်လုပ်တဲ့ဟာကိုယ် တာဝန်ခံမှု ၊တာဝန်ယူမှုရှိဖို့တော့ လိုအပ်တာပေါ့သူတို့ ဘယ်လိုပဲငြင်းငြင်း သူ့သူငယ်ချင်းတွေ လွတ်လာတာကိုတွေ့မြင်နေရတာကိုး၊ ဒါက ရုတ္တိမရှိငြင်းတာပဲလေ” ဟုဆလိုင်းပိုင်နန်းကပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော KACC ၏ ကြေညာချက်တွင် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်နှင် ရခိုင်ပြည်န ယ်အတွင်း တပ်မတော်နှင့်အေအေတို့ကြားဖြစ်ပွားသော စစ်ရေး ပဋိပက္ခကြောင်းပြုပြီး အကြောင်းမဲ့ဖမ်းဆီးခံရသည့် အပြစ်မဲ့အရပ်သားပြည်သူများအား မည်သူကဖမ်းဆီးသည် ဖြစ်စေ အမြန်ဆုံးလွတ်ပေးနိုင်ရန်သက်ဆိုင်ရာ အဖွဲ့အစည်းများအားအလေး အနက်တိုက်တွန်းထားကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် AA တပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အဖမ်းခံရဆဲဖြစ်သည့် ပလက်ဝဒေသခံများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တိုက်ပွဲများရပ်တန့်ပြီး ပကတိအခြေအနေအတိုင်း ပြန်ဖြစ်ရန် မျှော်လင့်ကြောင်း ဆလိုင်းပိုင်နန်းကပြောသည်။

KACC ၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ခုနှစ်မှလက်ရှိချိန်ထိ ရက္ခိုင့်တပ်တော်(AA) မှဖမ်းဆီးထားသော အရပ်သားအားလုံးပေါင်း ၁၀၅ ဦးထိရှိခဲ့ပြီး၊၈၄ ဦးမှာ ပြန်လည်လွတ်မြောက်လာပြီး ဖြစ်ကာ ၂၂ ဦးမှာလက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

Most read this week

April 19, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေယာဉ် ၄ စီးဖြင့် ပေါင် ၅၀၀...
April 19, 2024
မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘဂ်လားရှေဒ့်နှင့် မဏိပူရ်ပြည်နယ်က...
April 19, 2024
Salai Vakok — တောတောင်ထူထပ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ၃...