ရက္ခိတမျိုးစောင့်ဆုချီးမြှင့်ခံရငွေ ၂၆ သိန်းကို စစ်ကြောင့်ထိခိုက်ဒဏ်ရာရသူများအတွက် ဦးဘအေးက လှူဒါန်း

ရက္ခိတမျိုးစောင့်ဆုချီးမြှင့်ခံရငွေ ၂၆ သိန်းကို စစ်ကြောင့်ထိခိုက်ဒဏ်ရာရသူများအတွက် ဦးဘအေးက လှူဒါန်း

ဇွဲဓန — ရခိုင်မျိုးစောင့်အဖွဲ့ ( Arakan Rakhita Group/ ARG ) ဗဟိုဥက္ကဋ္ဌ ဦးဘအေးအား ဂျပန်ရောက် ရခိုင်သားများ နှင့် ARG ( Japan Branch ) က ချီးမြှင့်သော ရက္ခိတမျိုးစောင့်ဆုနှင့် အတူရရှိသည့် ဆုငွေ ၂၆ သိန်းကို စစ်ဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ARG သို့ ဒီဇင်ဘာ ၁၃ ရက်နေ့က လှူဒါန်းလိုက်သည်ဟု သတင်းရရှိသည်။

၎င်းငွေ ၂၆ သိန်းကို  ARG အဖွဲ့သို့ ပေးအပ်ရာ ဆရာကြီးမောင်ဗသိန်းအပြင် အဖွွဲ့သူ အဖွဲ့သားများ တက်ရောက် လက်ခံယူခဲ့သည်ဟု သိရသည်။

ဦးဘအေးက ̏  ဒီငွေကတော့ ရိက္ခတမျိုးစောင့်ဆုအတွက် ပေးတာပါ။ ရရှိတဲ့ငွေက နှစ်ဆယ့်ခြောက်သိန်းခန့် ဖြစ်တယ်။ ဒီငွေကို ကျနော် မသုံးပဲ စစ်ပွဲတွေကြားထဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ အရပ်သား လူနာများကို လှူဖို့အတွက်ပေါ့။ ARG အဖွဲ့ရဲ့ ရန်ပုံငွေအဖြစ်  ပြန်လည်ထည့်သွင်းလှူဒါန်းလိုက်တာဖြစ်တယ်။ ARG အဖွဲ့က ကမကထ ပြုလုပ်ပြီး စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

ရခိုင်မျိုးစောင့်အဖွဲ့ ဒုဥက္ကဋ္ဌ (၂) ဦးဦးစိုးနိုင်က စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သူ အရပ်သား ၆၀ ကျော်အား လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောသည်။

̏ ဦးဘအေး ရရှိတဲ့ ရခိုင်မျိုးစောင့် ဆုကြေးငွေ ၂၆ သိန်းကို ARG အဖွဲ့ရဲ့ အလှူငွေရန်ပုံ ငွေထည့်သွင်း လှူဒါန်းတာဖြစ်တယ်။ ARG အနေနဲ့ ဒီငွေ အပါအဝင် ရန်ပုံငွေထဲက စစ်ဘေးကြောင့် ပြင်းထန်ဒဏ်ရာရတဲ့ အရပ်သားတစ်ယောက်ကို ကျပ်ငွေ ၂ သိန်းနှုန်းနဲ့ ထောက်ပံ့လှူဒါန်းထားတာ အခုဆို ၂၈ ကြိမ်လောက်ရှိပြီ။ လူအယောက်ပေါင်း ၆၀ ကျော်ကို လှူဒါန်းထားနိုင်ခဲ့ပြီ ̋ ဟု ၎င်းက ပြောသည်။

ဦးဘအေးအား ရက္ခတိဆုချီးမြှင့်ရန် ရွေးချယ်ခဲ့ပုံကိုလည်း ဦးစိုးနိုင်က ယခုလို ပြောကြားသည်။

“ ဦးဘအေးက ဒီတစ်ခုတည်း လှူတာတော့ မဟုတ်ပါဘူး။ ARG ရဲ့လုပ်ငန်းအပေါ်မှာ သူ့ဘဝ တစ်ခုလုံးကို မြုပ်နှံထားတာနော်။ ၂၀၁၄-၂၀၁၅ခုနှစ်က ပြဿနာတွေနဲ့ ရှုပ်ထွေးနေတဲ့အချိန်မှာ မောင်တောဒေသ ARG စခန်းဖွင့်ပြီး ဒေသခံတွေ နေရပ်စွန့်ခွာ မသွားရအောင် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ပြီး အသက်စွန့်ပြီးတော့နေလာခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ််။ ကျနော်တို့ဒေသမှာ လူမှုရေးနဲ့ စီးပွားရေးပေါင်းစပ်လုပ်နိုင်တဲ့ ကဏ္ဍတစ်ခုကို ဖွင့်လိုက်နိုင်ခဲ့တယ်။ အများနဲ့ စုပေါင်း လုပ်ကိုင်တတ်တဲ့ အကျင့်တစ်ခုကို ဖော်ဆောင်ဖို့ကြိုးပမ်းတာတွေအပြင် သူ့ရဲ့စွန့်လွှတ် အနစ်နာခံမှုတွေကြောင့် သူ့ကို  ဒီဆု ချီးမြှင့်ရတာ ဖြစ်တယ်။”

ARG အဖွဲ့သည် စီးပွားရေး အစုချယ်ယာတစ်ခုကို ထူထောင်ထားပြီး ၎င်းလုပ်ငန်းကရသည့် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းကို ARG ရန်ပုံငွေထဲ ပြန်ပြီးလှူပြီး အကူအညီအထောက်အပံ့လိုအပ်နေသူများ၊ ရေဘေး လေဘေးကြောင့် ထိခိုက်နစ်နာသူများကို ပုံမှန်လှူဒါန်းနေကြောင်း သိရှိရသည်။ ၎င်းပြင်  ARG ၏ မူဝါဒအရ ပြင်ပက အလှူငွေများကို လက်ခံကာ ထပ်ဆင့်ဖြန့်ဝေ ကူညီသည့် လုပ်ငန်းများကို လုပ်ကိုင်ကြောင်း သိရှိရသည်။

အဆိုပါ ရခိုင်မျိုးစောင့်အဖွဲ့ ARG မှ ပေးအပ်သောဆုနှင့် ပတ်သက်ပြီး ဦးဘအေးက ယခုလို ရှင်းပြ ပြောဆိုသည်။

“ ကျနော်တို့ ARG အဖွဲ့ကတော့ ရခိုင်ပြည် လူမှု စီးပွားတိုးတက်ရေးကိုပဲ အဓိကထား လုပ်တာဖြစ်တယ်။ မောင်တောဒေသ အကြမ်းဖက် ပဋိပက္ခဖြစ်ကတည်းကပင် ဒီဆုကိုပေးဖို့ အသံတွေထွက်ပေါ်လာတယ်။ ဒီဆုဟာ ကျနော်နဲ့ မထိုက်တန်သေးဘူးဆိုပြီး လက်မခံခဲ့ဘူး။ ကျနော်ကို ၂၀၁၉ ခုနှစ်က မူးယစ်ဆေးဝါးနဲ့ စွပ်စွဲဖမ်းဆီးတာတွေရှိခဲ့တယ်။ ARG အဖွဲ့ သိက္ခာကျအောင်လုပ်တဲ့ အပြင် ပြိုပျက်သွားအောင်ထိ ကြံစည်ဆောင်ရွက်ခဲ့တာတွေရှိခဲ့တယ်။ အခု ဒီဆုကို ဒီအချိန်မှာ လက်ခံသင့်တယ်ဆိုပြီး ARG အဖွဲ့ရဲ့ ဂုဏ်သိက္ခာအရ ဒီတစ်ကြိမ်မှာတော့ လက်ခံခဲ့တာ ဖြစ်ပါတယ် ̋ ဟုပြောသည်။

ဦးဘအေးအားချီးမြှင့်သည့် ရက္ခိတမျိုးစောင့်ဆုသည် ရခိုင်အမျိုးသားထဲမှ ထူးထူးခြားခြား ရခိုင် အမျိုးသားများကြီးပွားရာ ကြီးပွားကြောင်းကို ဆောင်ရွက်နေသည့် ရခိုင်အမျိုးသားများကို ပေးအပ်သည့် ဆုဖြစ်ကြောင်း သိရှိရသည်။

၄င်းဆုအား ၂၀၁၁ ခုနှစ်က ရခိုင်သမိုင်းသုတေသီ အရှင်ပညာစာရအား ချီးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှ ဆရာကြီး ဦးဗသိန်းအား ချီးမြှင့်ခဲ့သည်။

ရခိုင်မျိုးစောင့်အဖွဲ့ ( Arakan Rakhita Group/ ARG ) ကို ဂျပန်နိုင်ငံတွင် ၂၀၀၇ ခုနှစ်က ဂျပန်ရောက် ရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းခဲ့သည့် လူမှုရေးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလက မောင်တော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် တိုင်းရင်းသားများ နေရပ်မစွန့်ခွာရေးအတွက် လူမှုစီးပွားမြှင့်တင်ရန် အတွက် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လာသော အဖွဲ့အစည်းဖြစ်သည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...