ဦးဂါကျေးရွာမှ အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည့်တပ်မတော်သား ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်

ဦးဂါကျေးရွာမှ အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည့်တပ်မတော်သား ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးအား ယနေ့ စစ်တွေ တပ်နယ်ရှိ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါတရားခံများအား ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ယခုအမိန့်ချမှတ်လိုက်ခြင်းအပေါ် ကျေနပ်မူရှိကြောင်း ကာယကံရှင်အမျိုးသမီးက ပြောသည်။

ကာယကံရှင် အမျိုးသမီးက "ကျမအနေနဲ့ကျေနပ်မူရှိပါတယ်။ နှစ် ၂၀ ဆိုတာက နည်းတာမဟုတ်ဘူးပေါ့နော်။ ကျမ ကျေနပ်ပါတယ်။ သူတို့ကို အရပ်သားထောင်မှာ ချမှာပါ။"ဟု မီဒီယာများသို့ ပြောသည်။

ယင်းတရားခံ ၃ ဦးမှာ အမှတ် (၂၀၆) ခြေမြန်တပ်ရင်းမှ တပ်သား အောင်မျိုးမင်း (ကိုယ်ပိုင်အမှတ် တ ၅၄၅၂၀၂)၊ တပ်သား မင်းသူရ (ကိုယ်ပိုင်အမှတ် တ ၅၃၇၃၂၁)နှင့် တပ်သား မောင်မြင့်လွင် (ကိုယ်ပိုင်အမှတ် တ ၄၉၂၇၂ )တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်သူ တပ်မတော်သား ၃ ဦးထဲမှ တစ်ဦးကို နယ်ဘက်ပြစ်မှု (၃၇၆) တပ်မတော် အက် ဥပဒေပုဒ်မ (၇၁) ၊ နယ်ဘက်ပြစ်မှု (၃၆၆) တပ်မတော် အက် ဥပဒေပုဒ်မ (၇၁) ၊ တပ်မတော်အက် ဥပဒေပုဒ်မ ၃၅ (င) တို့ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

ကျန်နှစ်ဦးထဲမှ တစ်ဦးကို နယ်ဘက်ပြစ်မှု (၃၇၆) တပ်မတော်အက် ဥပဒေပုဒ်မ (၇၁)၊ တပ်မတော်အက် ဥပဒေပုဒ်မ ၄၇ (၁) ဖြင့် စွဲချက်တင်ကာ ကျန်တစ်ဦးကို နယ်ဘက်ပုဒ်မ (၃၇၆) တပ်မတော်အက်ဥပဒေပုဒ်မ (၇၁)၊ တပ်မတော်အက်ဥပဒေပုဒ်မ ၄၇ (၁) တို့ဖြင့် အသီးသီးစွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ညိုအေးက ပြောသည်။

ဒေါ်ညိုအေးက " အနိုင်ရလိုက်တယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ ထောင်ဒဏ်နှစ် ၂၀ ဆိုတာကလည်း လူတစ်ယောက်ရဲ့ဘဝ တစ်ဆစ်ချိုးကတော့ အဲဒီထောင်ထဲမှာ နေသွားရဖို့ အနေထားရှိတယ်။ ပြီးလို့ရှိရင် ကျမတို့ နားလည်သလောက်က ဒီအမူတွဲတွေက လွတ်ငြိမ်းချမ်းသာတွေနဲ့ သိပ်မနီးစပ်ဘူးပေါ့နော်။ ကျမတို့ကတော့ ကျေနပ်တယ်လို့ပြောရပါမယ်။"ဟု မီဒီယာများသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ ည ၆ နာရီကျော်အချိန်ခန့်က ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသော တပ်မတော်စစ်ကြောင်းတစ်ခုမှ စစ်သား ၃ ဦးသည် အဆိုပါ ကျေးရွာမှ အသက် ၄ဝ အရွယ် ကလေး ၄ ဦး၏ မိခင်တစ်ဦးအား ယင်းနေ့ ညဉ့်အချိန်က အိမ်တွင် မိသားစုများနှင့် ပုန်းအောင်းနေကြစဉ် တစ်ယောက်တည်းခေါ်ယူ ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့သည်။

ယင်းနောက် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် ကြံစည်ခံခဲ့ရသူ သူမ၏ သမီးဖြစ်သူတို့သည် ဇူလိုင်လ ၁ဝ ရက်နေ့တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့သွားရောက်အမှုဖွင့်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဒီဇင်ဘာ ၃ ရက်နေ့က စစ်တွေမြို့ရှိ တပ်မတော် အကျဉ်းစစ်တရားရုံး၌ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...