ချင်းစစ်ဘေးရှောင် ဒုက္ခသည်အများစုနေထိုင်သည့် အမ်းမြို့တွင် အလှူရှင်များရှားပါးလာမှုကြောင့် အခက်အခဲဖြစ်နေ

ချင်းစစ်ဘေးရှောင် ဒုက္ခသည်အများစုနေထိုင်သည့် အမ်းမြို့တွင် အလှူရှင်များရှားပါးလာမှုကြောင့် အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ချင်းလူမျိုး စစ်ဘေးရှောင် ဒုက္ခသည်အများစုနေထိုင်သည့် ဒုက္ခသည်စခန်းများတွင် အလှူရှင်ရှားပါးလာမှုကြောင့် အခက်အခဲရှိလာကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် ချင်းလူသားချင်း ကူညီထောက်ထားရေးအသင်း (Chin Humanitarian Assistance Team- Rakhine State)မှ ဆလိုင်းဇော်မင်းထွန်းထံမှ သိရသည်။

“အခုကတချို့တွေက အခက်အခဲကတော့ရှိတာပေါ့ ၊အကူအညီက ဒီ ၁ လ ၂ လအတွင်း ရွေးကောက်ပွဲမတိုုုင်ခင်ပေါ့ ၊အကူအညီမရတာရှိတယ်။ အဲဒီနောက်ပိုင်းကြတော့ ဒီရွေးကောက်ပွဲ ပြီးတော့ချင်းအဖွဲ့အစည်း CNO က ထောက်ပံ့ ထားတာရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ ကပေးရင် မျှမျှတတနဲ့ ရကြတယ်ပေါ့ အကုန်လုံးက။ အဲလိုမျိုးမျှမျှ တတမရတာက ခုဆို ၃ လလောက်တောင်ရှိပြီ၊ အခုလည်း CNOပေးတယ်ဆိုတာကလည်း သက်ကြီးရွယ်အို အသက်(၆၀)အထက်နဲ့ မိခင်နို့တိုက် ကလေးအရွယ်ပေါ့ သူတို့ပဲရတယ် အကုန်လုံးမရဘူး”ဟု ဆလိုင်းဇော်မင်းထွန်းမှ ပြောသည်။

အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား လတ်တလောတွင် ကိုဗစ်နှင့်ပါတ်သတ်၍ လှူဒါန်းငွေအချို့နှင့် သက်ကြီးရွယ်အို၊ ကလေးငယ်များအားထောက်ပံ့မှုအချို့ရှိသော်လည်း စစ်ဘေးရှောင်များအားလုံး ထောက်ပံ့မှုမရှိသဖြင့် လုံလောက်မှု မရှိကြောင်း ဆလိုင်းဇော်မင်းထွန်းကဆက်ပြောသည်။

အစိုးရအနေဖြင့် အမ်းစစ်ဘေးရှောင်များအတွက် သုံးလစာ စားသောက်စာရိတ် ကျပ်သိန်း ၁၅၀၀ ထုတ်ပေးထားသော် လည်း ပထမလဖြစ်သည့် သြဂုတ်လအတွက်သာ ရရှိခဲ့ပြီး နောက်နှစ်လအတွက် ရရှိခဲ့ခြင်းမရှိခြင်းကြောင်း သိရသည်။

ဆလိုင်းဇော်မင်းထွန်းက “အစိုးရအနေနဲ့က ၇ လပိုင်းမှာ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး လာတော့ တစ်အိမ်ကို ဆန်တစ်အိတ်စီပေးတယ်၊ ၈ လပိုင်းကျတော့ ၃လစာအတွက် သိန်း ၁၅၀၀ အစိုးရက ချပေးတဲ့ထဲကနေ သုံးအိမ်ကို ဆန်တစ်အိတ်နှုန်းနဲ့ပေးပြီးတော့ နောက်နှစ်လစာအတွက်ကျတော့ ထပ်မပေးတော့ဘူး၊ လှူတဲ့ဟာကလည်း ဆန်ဘဲလှူပြီးတော့ တစ်ခြားဘာမှမပါဘူး WFP နဲ့ အဖွဲ့အစည်းအချို့က ထောက်ပံ့ပေးတဲ့ဟာလောက်ဘဲရတယ်၊ အဲဒီဟာတွေကလည်း လူတိုင်းရတာမဟုတ်တော့ အခက်အခဲရှိတယ်၊ ဒီမနက်တင် သူတို့နဲ့ ဖုန်းပြောရတော့ အစားသောက်ပိုင်းမှာ အခက်အခဲတော်တော်ဖြစ်နေတယ်လို့ပြောတယ်”ဟု ပြောသည်။

အမ်းစစ်ဘေးရှောင်များအတွက် အလှူရှင်ရှားပါးလာမှုကြောင့် စစ်ဘေးရှောင်များအနေဖြင့် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ဆီ၊ဆားအပြင် အိုး၊ခွက်ပန်ကန် နဲ့ အနွေးအထည်၊ စောင်များလည်း မရှိသဖြင့် အခက်အခဲကြုံနေရကြောင်းသိရသည်။

အမ်းမြို့ပေါ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၀) ကျော်မှ ဒေသခံများဖြစ်ကြပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော်မှ ရေလမ်း ကုန်လမ်း ပိတ်စို့ကာ ရိက္ခာများပြတ်လပ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

အမ်းမြို့အတွင်းရှိ စစ်ရှောင်ဒုက္ခသည်စခန်း (၁) တွင် လူဦးရေ ၂၀၀ ကျော်၊ ဒုက္ခသည်စခန်း (၂)တွင် လူဦးရေ ၄၀၀ ကျော်၊ ပြင်ပတွေ အိမ်ဌားရမ်းနေထိုင်သူနှင့် စုစုပေါင်း ချင်းစစ်ရှောင်ပြည်သူ ၄၃၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...