ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ

ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ

ထွန်းခိုင် — ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုဖွင့်ခံထားရသည့် အမှုပေါင်း ၉၁ မှုအထိရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် အမှုများမှာ ကျောက်ဖြူ ခရိုင်တွင် ၁၉ မှု၊ မြောက်ဦးခရိုင်တွင် ၃၅ မှု၊ မောင်တောခရိုင်တွင် ၃ မှု၊ စစ်တွေခရိုင်တွင် ၃၃ မှုနှင့် သံတွဲခရိုင်တွင် ၁ မှုတို့ဖြစ်ကြသည်။

တရားစွဲဆိုခံထားရသူများမှာ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦး ခရိုင်တွင် ၇၈ ဦး၊ မောင်တောခရိုင်တွင် ၄ ဦး၊ စစ်တွေခရိုင်တွင် ၁၃၉ ဦးနှင့် သံတွဲခရိုင်တွင် ၄ ဦးတို့ဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာ ထောက်ပံ့ ကူညီရေး ရုံးမှ ဥပဒေရေးရာအရာရှိ ဒေါ်မေသက်ခိုင်က ပြောသည်။

ယခုကာလသည် ကိုဗစ်ကာလဖြစ်သဖြင့် တရားစွဲခံထားရသူများ၏ အမှုကို စစ်ဆေးနိုင်ခြင်းမရှိဘဲ ရွေ့ဆိုင်းထားရသည့်အမှုများလည်းရှိကြောင်း ဒေါ်မေသက်ခိုက်က ဆက်ပြောသည်။

မမေသက်ခိုင်က “ သူတို့ရဲ့အမှုအခြေအနေအားလုံးကိုတော့ ကျမအနေနဲ့ မပြောပြနိုင်ဘူး။ သဇင်က လိုက်တဲ့အမှုအခြေအနေကိုတော့ ကျမပြောပြနိုင်တယ်။ သဇင်ကလက်ရှိလိုက်နေတဲ့ စစ်တွေခရိုင်က အမှုတွေကျတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် တရားရုံးတွေက ရုံးချိန်းတွေကို ရွေ့ဆိုင်းထားရတဲ့ အချိန်ဖြစ်တဲ့အတွက် စစ်တွေခရိုင် တရားရုံးကတော့အမှုမစစ်ဖြစ်ဘူး။ ဒါပေမယ့် မြောက်ဦးခရိုင် တရားရုံးကတော့ ပုံမှန်အနေအထားအတိုင်းပဲ အမှုစစ်ဆေးနေပါတယ်။ ကျောက်ဖြူခရိုင် တရားရုံး ကျတော့လည်း စစ်တွေခရိုင်တရားရုံးလိုပဲ အမှုကိုရွေ့ဆိုင်းထားရတယ်” ဟု ပြောသည်။

အကြမ်းဖက်မှုများ တရားစွဲဆိုခံထားရသော အမှုများအနက် အမှု ၁၉ မှုမှာ ပြီးပြတ်သွားဖြစ်ကြောင်း သူက ဆက်လက်ပြောပြသည်။

“ အခုက ကိုဗစ်ကာလဖြစ်တဲ့အတွက် အမှုတွေပြီးပြတ်သွားတာတွေတော့ မရှိသေးဘူး။ ကိုဗစ်ကာလမတိုင်ခင် ပြီးပြတ်တဲ့ အမှုစုစုပေါင်းကတော ့၁၉ မှုရှိခဲ့ပါတယ်။ အဲဒီ ၁၉ မှုထဲမှာ သဇင်ကလိုက်တဲ့အမှုတွေထဲက ၃ မှုပြီးပြတ်သွားပါတယ်။ ၃ မှုလုံးကတော့ စွဲချက်မတင်ခင်က လွှတ်မြောက်သွားပါတယ်။မြောက်ဦးမြို့နယ်တွင် ၆ လပိုင်းက ၂ မှုပြီးပြတ်သွားပါတယ်။ စစ်တွေခရိုင်တရားရုံးက ၅ လပိုင်းမှာ တစ်မှု ပြီးပြတ်သွားတာရှိပါတယ်။” ဟုပြောသည်။

အရပ်သားများအား ယခုလိုမျိုးအကြမ်းမှုဖြင့် တရားစွဲဆိုခြင်းများမှာ ပြည်သူများအား အကြောက်တရားလွှမ်းမိုးသွားအောင် လုပ်ခြင်းသာဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ အဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ ကျနော်တို့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုဖြင့်် တရားစွဲထားတာဟာ တမင်သက်သက် ရခိုင်ပြည်သူတွေကို အကြောက်တရား လွှမ်းမိုး သွားအောင် လုပ်တာပဲဖြစ်တယ်။ တချို့နေရာမှာဆိုလို့ရှိရင် မိုင်းကွဲတယ် ဆိုပြီးတော့ အိမ်တွေကို ဝင်ရှာပြီးတော့ မိုင်းတွေ့တယ်ဆိုပြီး စွပ်စွဲပြီးတော့ လုပ်တာ ဖြစ်ပါတယ်။ တချို့နေရာမှာ ဆိုလို့ရှိရင်လည်း ဖမ်းမိလို့ရှိရင် လက်ကိုင်ဖုန်းတွေမှာ တစ်ခုခုပါတယ်။ မင်းတို့ AA နဲ့ ဆက်စပ်မှု ရှိတယ် ဆိုပြီးတော့ အဲလိုမျိုးဖမ်းထားတာတွေရှိတယ်။ ဥပဒေနဲ့ မညီတာတွေကိုလည်း တွေ့ရပါတာပေါ့ဗျာ” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်က ဖမ်းဆီးသူများကို မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) ဖြင့်သာ တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်တရားစွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...
April 23, 2024
အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ...
April 22, 2024
အကြမ်းဖက်စစ်ကောင်စီသည်  ရခိုင်ပြည် တွင် လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင်...