စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို

စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာအရေးယူရန် အရပ်ဖက် (၁၂) ဖွဲ့တောင်းဆို

လားနွန် — ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၂) ဖွဲ့က ပလက်ဝမြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။

ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က အောက်သဲမဝကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိူးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။

“ကျမတို့က တရားမျှတမှုကိုဖြစ်စေချင်တယ် ဒီအမျိုးသမီးကျတော့ သာမာန်အမျိုးသမီးမဟုတ်ဘူး ချို့ယွင်း အမြင်အာရုံအားနည်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ တရားမျှတမှု ရရှိချင်လို့ အဖွဲ့အစည်းတွေအားလုံးသဘောတူပြီး ဒီသဘော တူစာအိတ်ကိုပို့ရခြင်းဖြစ်တယ်၊ တရားခံကို တကယ်ပဲ ကျမတို့က အရေးယူစေချင်ပါတယ် လျော့လျော့ ပေ့ါပေ့ါဖြစ်သွားမှာ ကိုမလိုချင်ဘူး ကျမတို့အမျိုးသမီးဖက်ကနေဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေအဖွဲ့နဲ့ဆိုတာထက် ကံယာကံရှင်ရဲ့ သဘောထားကိုပဲ ကျမတို့အလေးပေးတယ် ကံယာကံရှင်ကပြောတာက သူလိုချင်တာက ဒီအမျိုးသားကို ထောင်ချစေ ချင်တယ် သူနဲ့ ထိုက်သင့်တဲ့အပြစ်ကိုရစေချင်တယ် ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့အနေနဲ့ သူ့ဆန္ဒကို ဦးစားပေးတယ် ကျမတို့ကိုယ်တိုင်ကလည်း အဲလိုဖြစ်စေချင်တယ်” ဟု ဆမီးချင်းအမျိုးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။

အဆိုပါမသန်စွမ်းအမျိူးသမီးသည် မိဘများမရှိတော့သည့်အတွက် အဖေဘက်မှတောစပ်သော ဦးလေးမိသားစုနှင့်အတူ ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသူဖြစ်သည်ဟု သိရသည်။ ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလေးတော်စပ်သူမှ ကျပ်ငွေငါးသိန်းဖြင့် တောင်းပန်လျှင် အမှုကျေအေးနိုင်သည်ဟုပြောဆိုမှုရှိခဲ့သည့်အတွက် အမှုကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်းပြစ်ဒဏ်ချမှတ်ရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေါ်ပွီးပွီးကပြောသည်။

“ ဦးလေးတော်စပ်သူ၏ ငါးသိန်းကျပ်တိတိဖြင့် တောင်းပန်အလျှော်အစားလုပ်လျင် အမှုကို ပိတ်ကျေအေးနိုင်သည်ဆိုသည့် အချက်သည် အမျိူးသမီးနှင့် မိန်းကလေးများ တရားမျှတမှုကို လက်လှမ်းမှီရန်အတွက် အဟန့်အတားတစ်ခုဖြစ်ပါသည်။ (ဗဟုတရားမျှှတမှုစနစ်) ခေါင်းစဉ်ဖြင့် ချင်းဓလေ့ထုံးတမ်းကို အသုုံးပြုခြင်းသည်လည်း ချင်းအမျိူးသမီးနှင့် မိန်းကလေးများအတွက် တရားမျှတမှုကို ဆုံးရှုံးရသည့်အကြောင်းရင်းများဖြစ်တတ်သည်ကိုလည်း သတိချပ်စေလိုသည်’’ ဟု အရပ်ဖက်အဖွဲ့အစည်း (၁၂) ၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။

ယခုအိပ်ဖွင့်ပေးစာပေးပို့သည့် အရပ်ဖက်အဖွဲ့အစည်းများမှာ ဧဒင်မသန်စွမ်းကလေးများပြုစုရာရိပ်မွန်-ဟားခါး၊ ဟားခါးတာရ် အမျိုးသမီးအဖွဲ့၊ မသူ အမျိုးသမီးအဖွဲ့အစည်း၊ ရီဇွာအမျိုးသမီးအဖွဲ့၊ ဆပ်သားအမျိုးသမီးအဖွဲ့၊ ဟားခါးချင်း အမျိုးသမီးအဖွဲ့အစည်း၊ ဒါရ်ဒီမ်ပါရ်အဖွဲ့၊ ဌာနေတိုင်းရင်းသူကွန်ယက်၊ ချင်းမိသားစုအဖွဲ့၊ Shine Di ၊ BOOM Women ၊ ရသေ့တောင်လူငယ်ကွန်ယက်စသည်တို့ဖြစ်သည်။

မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူအမျိုးသားကိုလည်း ဆမီးရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရားစွဲဆိုရန် ပလက်ဝမြို့သို့ ခေါ်ဆောင်သွားပြီဟုသိရသည်။

March 29, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီက တအိမ်ဝင်တအိမ်ထွက်ဖြင့်...
March 29, 2024
ချင်းပြည်တွင် တော်လှန်ရေးကာလအတွင်း ပညာရေး ထိခိုက်နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်...
March 28, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရအတွက် တအိမ်တက်ဆင်း...
March 27, 2024
ချင်းပြည်နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် မင်းတပ်- ကျောက်ထုလမ်းပိုင်းနှင့် မင်းတပ် -...